ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အွန်လိုင်းကနေငွေကြေးလိမ်လည်နေတဲ့ မြန်မာ အမျိုးသမီးတယောက်ကို ထိုင်းဘတ်ငွေသန်းချီနဲ့အတူ သြဂုတ် ၁၇ ရက်နေ့မှာ ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာ The Tgaiger က ဖော်ပြထားပါတယ်။
ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဘန်ကောက်မြို့၊ ရာမ ၉ အလယ်ပိုင်းက ဇိမ်ခံကွန်ဒို ၃၉ ထပ်ကို အထူးစီမံချက်နဲ့ ရှာဖွေရာမှာ ငွေကြေးခဝါချမှု၊ အွန်လိုင်း ငွေကြေး လိမ်လည်မှုတို့နဲ့ ခွန်ဆောင်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ အသက် ၂၄ နှစ် အရွယ် မြန်မာအမျိုးသမီး နန်းမို့မို့အေးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ကွန်ဒိုတိုက်ခန်းကို ဝင်ရောက်ဖမ်းဆီးရှာဖွေရာမှာ ထိုင်းဘတ်ငွေ ၄ ဒသမ ၄ သန်း၊ ဘဏ်စာအုပ် ၁၇ အုပ်နဲ့ ATM ကတ် ၁၆ ကတ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မနန်းမို့မို့အေးဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိနေပြီး သူ့ဘဏ်အကောင့်မှာ အခုနှစ်အတွင်း ဘတ်ငွေ ၈၇ သန်း အဝင်အထွက်ရှိနေတယ်လို့ ထိုင်းဆိုက်ဘာ ရဲတပ်ဖွဲ့ အကြီးအကဲ နာခွန်ဘန်ချာက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသားအမျိုးသမီးဟာ အစိုးရအရာရှိအဖြစ် အယောင်ဆောင်တာ၊ ကွန်ပြူတာစနစ်ကို အချက်အလက်အမှားတွေ ထည့်သွင်းတာ၊ ငွေကြေးခဝါချတာ အပါအဝင် တခြားအယောင်ဆောင်မှုတွေအတွက် တရားစွဲဆိုသွားမယ်လို့ ဆိုက်ဘာရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။