မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်ကိုင်းဖိုရမ်တို့ ဒီနေ့ သြဂုတ် ၁၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ Sagaing Forum ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
Sagaing Forum ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက "တွေ့တဲ့နေရာမှာ အဓိက ကျနော်တို့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ဒီစစ်ကိုင်းဖိုရမ်ကို ကျနော်တို့ မိတ်ဆက် ရှင်းလင်းတင်ပြတဲ့ဟာတွေ ဆွေးနွေးတယ်။ နောက် ဖတ်ဆစ်တပ်ရဲ့ ယုတ်မာမှုတွေကြောင့်မို့ ဆိုးရွားစွာ ထိခိုက်ခံနေရတဲ့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ ရှိတယ်။ ဒီပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂထံက ဘယ်လိုမျိုး ရယူနိုင်မလဲ ဆိုတဲ့ ကိစ္စတွေဆွေးနွေးဖြစ်ကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးတော့ သံအမတ်ကြီးအနေနဲ့ နောက်သက်တမ်းတခု အရွေးချယ်ခံရတော့မယ့် အချိန်ရောက်လာရင် စစ်ကိုင်းဖိုရမ်ဘက်ကနေ ဘယ်လိုမျိုး ရပ်တည် ထောက်ခံပေးလို့ရမလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။