Home
မြန်မာသတင်း
ဗုဒ္ဓဘာသာကိုဝေဖန်သည်ဟုဆိုပြီး ကလေး ၄ ဦးအပါအဝင် ၁၄ ဦးဖမ်းခံရ
DVB
·
August 19, 2023
181525-US-dollars-730x365

ဗုဒ္ဓဘာသာကိုဝေဖန်တဲ့ ဗွီဒီယိုရိုက်ကူးတယ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံသားတယောက်နဲ့ ကလေးငယ် ၄ ယောက် အပါအဝင် လူ ၁၄ ယောက်ကို မန္တလေးမြို့မှာ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။

“ဘာမှမမျှော်လင့်ပါနဲ့ Don’t expect anything” ဆိုတဲ့ ၁ နာရီကျော်ကြာတဲ့ ဗီဒီယိုတခုကို ၂၀၂၃၊ ဇူလိုင်၊ ၂၄ ရက်က Isi Dhamma ယူကျူ့ချန်နယ်နဲ့ တစ်တော့တို့မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက ဗီဒီယိုအပိုင်းတိုတချို့ကို တစ်တော့မှာ တင်ပြီးချိန်ကတည်းက စစ်ကောင်စီကိုအားပေးတဲ့ ချန်နယ်တွေကနေ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပြီး အဲဒီအပိုင်းတိုတခုမှာ သားအမိနှစ်ယောက်က ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားကပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ သမီးဖြစ်သူက ဘုန်းကြီးနဲ့ အပြန်အလှန် အခြေအတင် စကားပြောခန်းတို့ ပါဝင်ပါတယ်။

အဲဒီ ဗီဒီယိုအပိုင်းတိုမှာ ဘုန်းကြီးက ကျန်းမာချမ်းသာကြပါစေလို့ ပြောချိန်မှာ သမီးဖြစ်သူက “ချမ်းသာဖို့မလိုဘူး၊ ချမ်းသာပြီးသား၊ စင်ကြယ်တဲ့စိတ်ရှိဖို့ပဲ လိုတာ”၊ အမေဖြစ်သူက သံဃာတွေကို မကဲ့ရဲ့ဖို့ ပြောချိန်မှာ သမီးဖြစ်သူက “သံဃာတော်တွေကို လုံးဝလေးစားပါတယ်၊ အခုခေတ် သံဃာအစစ်တွေ မရှိတော့ဘူး၊ သရုပ်ဆောင်တွေ ချည်းပဲ၊ မျောက်တကောင်က သင်္ကန်းဝတ်တယ်ဆိုရင် ကြည်ညိုမှာလား၊ ပြော” စတဲ့ ဒိုင်‌ယာလော့တွေကို သုံးနှုန်းသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer (ခ) ဣသိဓမ္မဟာ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်က ရဟန်း ၁၁ ဝါအထိ ဝတ်ဖူးပြီး မြန်မာစကား ပြောတတ်တဲ့အပြင် ဗုဒ္ဓဘာသာကို လေ့လာခဲ့သူ ပြင်သစ်- ဆွစ်ဇာလန် ကပြားလို့ သိရပါတယ်။

အဲဒီနောက် ရဟန်းအဖြစ်ကနေ လူထွက်ပြီး ရသေ့ဝတ်နေခဲ့သေးတာပါ။

မန္တလေးမြို့ခံဘုန်းတော်ကြီးတပါးက “နာမည်ကြီးနေလို့ဦးဇင်းတို့ကို ကျောင်းသားက လာပြတယ်၊ ကြည့်ရသလောက် သိပ်ဆိုးရွားတာတော့ မပါဘူး၊ ယူကျူ့က အပြည့်အစုံကြည့်ရင် နားလည်ပါလိမ့်မယ်၊ ဇာတ်လမ်းက အရင်ဘဝက ဘုန်းကြီးနဲ့ ဒါယိကာတို့ ဆုတောင်းမှားတဲ့ အကြောင်းပါပဲ၊ ဗွီဒီယိုထဲမှာ ဘုန်းကြီးကို ပြန်ပြောတဲ့ ကလေးမက အရင်ဘဝက ယောဂီဖြစ်ဖူးတယ်၊ သူ့ဝသီအရ ဝိနည်းတွေကို ဇာတိဿရဉာဏ်(ဘဝဟောင်းကိုပြန်သိတဲ့ဉာဏ်) ပြန်ရပြီး ပြောတာပါ၊ ဇာတ်ဝင်ခန်းတခုတည်း ကြည့်ရင်တော့ ဗုဒ္ဓသာသနာတော်ကို စော်ကားသလို ဖြစ်တာပေါ့၊ တင်ပြတဲ့ပုံစံကို အစအဆုံးကြည့်မှ နားလည်ပါလိမ့်မယ်၊ သူတို့လည်း အဖမ်းခံထားရတော့ ဘေးကင်းပါစေလို့ပဲ မေတ္တာပို့သပါတယ်” လို့ ဆိုပါတယ်။

အဲဒီ “ဘာမှမမျှော်လင့်ပါနဲ့” ဗီဒီယိုကို ရိုက်ကူးတဲ့ ဇာတ်ညွှန်းဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား အသက် ၅၂ နှစ်အရွယ် Didier Nusbaumer (ခ) ဣသိဓမ္မ နဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ အသက် ၁၂ အရွယ် ယွန်းအိခင်(ခ) ယွန်းယွန်း၊ အသက် ၈ နှစ်အရွယ် မိုးပြည့်ပြည့်သူ(ခ) ဂျူးဂျူးစံ၊ အသက် ၃၆ နှစ်အရွယ် ဇာနည်ဦး၊ ကင်မရာမန်း အသက် ၃၅ နှစ်အရွယ် ဝင်းမိုး၊ အသက် ၂၈ နှစ်အရွယ် ကျော်သက်ထွေး (ခ)ဖိုးထူး၊ အသက် ၃၆ နှစ်အရွယ် ရဲလင်းထွန်း (ခ)ကိုရဲ၊ အသက် ၁၈ နှစ်အရွယ် ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ အသက် ၂၃ အရွယ် ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ ခါတော်မီ(ခ)ခါခါ၊ အသက် ၂၂ နှစ်အရွယ် ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ အသက် ၂၁ အရွယ် ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် စတဲ့ ရိုက်ကူးရေးမှာ ပါဝင်သူအားလုံးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ ယွန်းအိခင်နဲ့ မိုးပြည့်ပြည်သူတို့ရဲ့ အသက်ကိုပဲ သိရသေးပြီး ကောင်းစံထွန်းနဲ့ ခါတော်မီတို့ရဲ့ အသက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့စာမှာတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်ရဲ့ အကျင့်သီလကို ပုတ်ခတ်စော်ကားတဲ့ အပြောအဆိုစကားလုံးအသုံးအနှုန်းကို ထည့်သွင်းပြောဆိုသွားခဲ့လို့ ဖမ်းဆီးအရေးယူဆောင်ရွက်ရတာဖြစ်တယ်လို့ ပါရှိပါတယ်။

ဖမ်းဆီးခံထားရသူတွေကို မန္တလေး၊ အောင်မြေသာစံမြို့နယ်ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024