ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ပျက်စီးခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။
CNDF တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲကို ဩဂုတ်လ ၁၂ ရက်နေ့က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဆွန်တလာကျေးရွာက ဒေသခံ မိသားစုဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ရမ်ထလိုရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၆ ယောက် ဒဏ်ရာရရှိခဲ့သလို ကျေးရွာအတွင်းက ဘုရားကျောင်း၊ လူနေအိမ် ၄ လုံးနဲ့ ရေကန်တို့ပျက်စီးဆုံးရှုံးခဲ့ပြီး ၂ ရွာပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော် အထိရှိခဲ့ပါတယ်။
CNDF တပ်မဟာ ၂ တာဝန်ရှိသူတယောက်က “ဒဏ်ရာရတဲ့လူတွေက ဆေးကုသမှု ခံယူနေရတုန်းပါပဲ။ လူနေအိမ်ဆုံးရှုံးတဲ့သူတွေက နီးစပ်ရာ ဘုရားကျောင်းနဲ့ အသိအိမ်တွေမှာ ခိုလှုံနေကြရပါတယ်” လို့ ပြောပါတယ်။
စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတာတွေကို ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့အတွက်လည်း CNDF တပ်မဟာ ၂ က အကူအညီတောင်းခံထားပါတယ်။