ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်လို့ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ကျောက်တော်မြို့နယ်က ဒေသခံလူငယ် ၂ ယောက်ကို တရားလို ရုံးချိန်းမလာတာကြောင့် ၉ လကျော် ကြာအထိ အမှုမစစ်ဆေးနိုင်သေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။
သူတို့ ၂ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်တာဖြစ်ပြီး ရုံးချိန်းစချိန်းတဲ့နေ့ကစလို့ တရားလိုဘက်က မလာတာကြောင့် အပြစ်မရှိရင် ပြန်လွှတ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံထားရသူ တယောက်ဖြစ်တဲ့ ကိုထွန်းလှိုင်ရဲ့ မိခင်က ပြောပါတယ်။
"တရားလိုက စချိန်းတဲ့နေ့ကတည်းက မရောက်ဘူး။ ဒါကြောင့် ဘာမှမစစ်ရသေးပါဘူး။ ကျမတို့မှာတော့ အပတ်တိုင်းရုံးချိန်းရှိရင်သွားရတယ်။ တရားလိုက စစ်တပ်ဘက်ကပါ။ ၅၃၉ တပ်ရင်းကပဲလို့ သိရတယ်။ အခု သူတို့ ၂ ယောက်လုံးက ကျန်းမာရေးမကောင်းဘူး။ အပြစ်မရှိရင်လည်း အမြန်ဆုံးလွှတ်ပေးစေချင်တယ်" လို့ဆိုပါတယ်။
ဖမ်းဆီးခံထားရသူ လူငယ် ၂ ယောက်ဟာ ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုထွန်းလှိုင်နဲ့ အသက် ၂၈ နှစ်အရွယ် ကိုသန်းဌေးတို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ကျောက်တော်အခြေစိုက် ၅၃၉ တပ်ရင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ သာမန်အရပ်သားပြည်သူတွေဖြစ်ပြီး ရက္ခိုင့်တပ်တော်ရဲ့ တပ်သားတွေအဖြစ် မတရားနှိပ်စက်ပြီး ဝန်ခံခိုင်းထားတာပဲ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့ ၂ ယောက်အပြင် ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး စတဲ့မြို့နယ်တို့မှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး တရားစွဲဆိုခံထားရဆဲသူတွေဟာ ရှိနေကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်လို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသူထဲက တစ်ချို့ကိုတော့ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။