ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ ပညာသင်ကြားနေတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေပြီး ပညာသင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။
စစ်ရှောင်တွေကို သင်ကြားပေးနေတဲ့ စာသင်ကျောင်း ၈ ကျောင်းရှိပြီး စစ်ရှောင်ကလေးတွေဟာ ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနဲ့ ကျောင်းလခ စတာတွေအတွက် ခက်ခဲနေတာပါ။
ကျောင်းသုံးပုံနှိပ်စာအုပ်တွေ မလောက်လို့ ကလေး ၅ ယောက်လောက်ဟာ တအုပ်မှာ ပေါင်းကြည့်ရပြီး ပုံနှိပ်ဖတ်စာတစုံကို ကျပ် ၃၅၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။
ကျောင်းလခအနေနဲ့ စေတနာကြေး တယောက်ကို ကျပ် ၅၀၀၀ ပေးဖို့ကိုလည်း ငွေကြေးမတတ်နိုင်ကြတာတွေရှိပါတယ်။
ကျောင်းလခကောက်ခံတာက ပညာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေရဲ့ စရိတ်ကာမိအောင်ဖြစ်ပြီး ဆရာတွေဟာလည်း စစ်ရှောင်ပြည်သူတွေဖြစ်လို့ အခက်အခဲရှိသူတွေ ဖြစ်ပါတယ်။
ဗလာစာအုပ် လိုအပ်နေတဲ့ကျောင်းသားပေါင်း ၁၃၀၀ လောက်ရှိပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အဓိက လိုအပ်နေတာလို့ သိရပါတယ်။
ကျောင်းတက်နေတဲ့ အထက်တန်းကျောင်းသားစစ်ရှောင် တယောက်က “ကျောင်းကဝေးပေမယ့် ပညာလိုချင်တော့ လာတာပါ။ ကျောင်းလခ တလ ကျပ် ၅၀၀၀ က ပိုက်ဆံရှိတဲ့သူတွေတတ်နိုင်ပေမယ့် တအိမ်ကို ကျောင်းတက်တဲ့သူ ၂ ယောက် ၃ ယောက်လောက်ရှိတဲ့အခါကျတော့ အကုန်လုံးအတွက် ပိုက်ဆံပေးဖို့ဆိုတာမဖြစ်နိုင်ဘူး။ ရှိတဲ့ပိုက်ဆံနည်းနည်းလေးနဲ့ ဆန်ဝယ်စားရမလား။ ကျောင်းစာအုပ်ဝယ်ရမလား။ လစာပေးရမလား မခွဲနိုင်တော့ဘူး” လို့ ပြောပါတယ်။
အဲဒီ ကိုယ်ထူကိုယ်ထကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသုံးပစ္စည်းကိရိယာ မပြည့်စုံတဲ့ တချို့ကျောင်းတွေကတော့ နောက်ကျပြီးမှ ဖွင့်ခဲ့ရတာပါ။
ကျောင်းတကျောင်းမှာ စစ်ရှောင်ကျောင်းသား အယောက် ၃၀၀ လောက် တက်ရောက်ကြပြီး တချို့ကျောင်းတွေကတော့ မူလတန်းသီးသန့်ပဲ သင်ကြားပေးနေပါတယ်။
Tun Myanmar Donation ရဲ့ တာဝန်ရှိသူတယောက်က ကရင်နီမှာရှိနေတဲ့ ပညာရေးစိတ်ဝင်စားတဲ့ ပရဟိတမောင်နှမတွေနဲ့ ပူးပေါင်းပြီး အကုန်လုံးရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေမယ့် တကျောင်းစီကို လှူဒါန်းသွားဖို့ရှိပါတယ် လို့ ပြောကြားထား ပါတယ်။