ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစင်းက သစ်တင် ၁ဝ ဘီးကားတစင်းကို နောက်က ဝင်တိုက်မိခဲ့ပြီး မြန်မာအလုပ်သမားတွေထဲက ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Naewna News သတင်းဌာနက ဖော်ပြပါတယ်။
သြဂုတ် ၁၆ ရက်က စမွတ်ဆာခွန်မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ 4x4 ကားတစင်း အရှိန်မထိန်းနိုင်ဘဲ ရှေ့ကသွားနေတဲ့ ၁ဝ ဘီးကားကို ကန်ချနပူရီရှိ လမ်းကွေ့တခုမှာ ဝင်တိုက်မိခဲ့တာပါ။
အခင်းဖြစ်ပွားပြီးချင်း နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းတွေက ကူညီဖို့ လာရောက်ခဲ့ကြပါတယ်။ ယာဥ်မောင်းအမျိုးသမီးကတော့ လမ်းပေါ်ကို လွင့်စဉ်ထွက်သွားပြီး နေရာတင် သေဆုံးကာ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦးကတော့ ဒဏ်ရာတွေရရှိခဲ့လို့ နယ်မြေခံဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ယာဥ်တိုက်မှုကြောင့် မြန်မာနိုင်ငံသားတွေ လိုက်ပါစီးနင်းလာတဲ့ ကားရဲ့ မျက်နှာစာ အရှေ့တခြမ်း ပျက်စီးသွားပါတယ်။
ထိုင်းနိုင်ငံမှာ မိုးရာသီတွင်း လမ်းချော်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် သတ်မှတ်အရှိန်ထက် ပိုမမောင်းဖို့၊ သတ်မှတ်ကုန်ထက် ပိုမတင်ဆောင်ဖို့ကို ဒေသအာဏာပိုင်တွေက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။
Source - Naewna News