အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ အစိုးရပိုင် ကိရိယာတွေမှာ Tik Tok လို့ခေါ်တဲ့ ဗီဒီယိုတိုတွေ မျှဝေတဲ့ အက်ပ်ကို သြဂုတ် ၁၆ ရက်ကစပြီး ကန့်သတ်ထားလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား သန်း ၁၅၀ ကျော် သုံးနေပြီး တရုတ်နည်းပညာကုမ္ပဏီကြီးက ပိုင်ဆိုင်တဲ့ Tik Tok ဟာ တရုတ်အစိုးရရဲ့ လွှမ်းမိုးနိုင်မှုအပေါ် စိုးရိမ်ချက်တွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေဆီက တောင်းဆိုချက်တွေ တိုးလာနေပါတယ်။
“TikTok ဟာ ကျနော်တို့အတွက် ဆိုက်ဘာလုံခြုံရေးအန္တရာယ်ပဲ” လို့ နယူးယောက် မြို့တော်ဝန် အဲရစ်အဒမ်က သြဂုတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် မတ်ထ် ဖရေဇာက “ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်မှုတွေကနေ အများစုကို ကျနော်တို့ လွတ်မြောက်ခဲ့ပေမဲ့ ဒါဟာ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုတခုပါ။ ခြိမ်းခြောက်မှု တော်တော်များများဟာ နိုင်ငံပြင်ပက လာနေပြီး ကျနော်တို့ရဲ့ စနစ်တွေကို စိမ့်ဝင်ဖို့ ကြိုးစားနေလို့ ကျနော်တို့ရဲ့ အချက်အလက်တွေအပေါ် အမှန်တကယ် သက်ရောက်မှု ရှိစေတယ်။ နယူးယောက် မြို့သားတွေရဲ့ ဒေတာတွေကို ကာကွယ်ဖို့၊ ဒီကိစ္စဟာ ကျနော်တို့ ဖြေရှင်းရမယ့် ပြဿနာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
နယူးယောက်မြို့က အစိုးရရုံးတွေမှာ TikTok အက်ပ်ကို ရက် ၃၀ အတွင်း ဖယ်ရှားဖို့ လိုအပ်ပြီး ဝန်ထမ်းတွေဟာ အစိုးရပိုင် ကိရိယာတွေနဲ့ ကွန်ရက်တွေမှာရှိတဲ့ အက်ပ်နဲ့ သူ့ဝက်ဘ်ဆိုက်ကို ဝင်လို့ရတော့မှာ မဟုတ်ပါဘူး။
နယူးယောက်ပြည်နယ်က အစိုးရထုတ် မိုဘိုင်းစက်ပစ္စည်းတွေမှာလည်း TikTok ကို ပိတ်ပင်ထားပြီးပါပြီ။
TikTok ကတော့ သူဟာ အမေရိကန်အသုံးပြုသူတွေရဲ့ ဒေတာကို တရုတ်အစိုးရနဲ့ မမျှဝေထားသလို TikTok သုံးသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အစီအမံတွေ ကြီးကြီးမားမား လုပ်ထားပါတယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI ရဲ့ ညွှန်ကြားရေးမှူး ခရစ်စတိုဖာ ရေးလ်နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ ညွှန်ကြားရေးမှူး ဝီလျံ ဘန်းစ် တို့ အပါအဝင် ထိပ်တန်း အမေရိကန် လုံခြုံရေးအရာရှိတွေက TikTok ဟာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောခဲဲ့ကြပါတယ်။
တရုတ်အစိုးရဟာ စက်ပစ္စည်းသန်းပေါင်းများစွာမှာရှိတဲ့ ဆော့ဖ်ဝဲလ်တွေကို ထိန်းချုပ်ဖို့နဲ့ အမေရိကန်နိုင်ငံသားတွေကို ကွဲပြားစေဖို့ ဇာတ်ကြောင်းတွေကို မောင်းနှင်ရေး တရုတ်အစိုးရက TikTok ကို သုံးနိုင်တယ်လို့ မတ်လမှာ ပြောအပြီး ဒီအက်ပ်နဲ့ ပတ်သက်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းအသစ်အရ အမေရိကန်က အရွယ်ရောက်ပြီးသူ ထက်ဝက်နီးပါးက TikTok ကို ပိတ်ပင်တာကို ထောက်ခံခဲ့ကြပါတယ်။
Source - Reuters