မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ × ၁၂၉ လမ်းကြား၊ ၅၈(စီ)လမ်း၊ အကွက်အမှတ် ဒဒ-၁၃၊ ဆ ရပ်ကွက်ရှိ ဆောက်လက်စတိုက်မှာ ဩဂုတ် ၁၈ ရက် မနက်ပိုင်းက ဆောက်လုပ်ရေးလုပ်သား နှစ်ယောက် အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
မနက် ၉ နာရီ ၅ မိနစ်လောက်က အဆိုပါတိုက်ရဲ့ မြေအောက်ရေကန်ထဲကို ဆောက်လုပ်ရေး လုပ်သား အသက် ၂၀ ကျော်အရွယ် အမျိုးသား တယောက်နဲ့ ၃၀ ကျော်အရွယ် အမျိုးသား တယောက်တို့က ဆင်းသက်ခဲ့ပြီး ရေကန်ဘေးဘောင်က ပျဉ်ပြားတွေကို ဖြုတ်ယူနေချိန် အောက်စီဂျင် ပြတ်တောက်ကာ သတိလစ်နေခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တဦးက “တိုက်အောက်က ရေကန်ထဲ ပျဉ်ပြားသွားခွာကြတာ၊ အထဲရောက်မှ သတိလစ်ပြီး ရေထဲနစ်နေကြတာ။ မီးသတ်တပ်ဖွဲ့က ဆယ်ယူပြီးချိန်မှာ တယောက်က သတိဝင်နေသေးတယ်၊ တယောက်က အခြေအနေ သိပ်မကောင်းတော့ဘူး၊ ဆေးရုံကြီးမှာပဲ အရောင်ပြောင်းသွားပါတယ်” လို့ ပြောပါတယ်။
အဆိုပါနေရာကို မနက် ၉ နာရီ ၁၀ မိနစ်လောက်က ပြည်ကြီးတံခွန်မီးသတ်နဲ့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေက သွားရောက်ဆယ်ယူခဲ့တာဖြစ်ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အောက်စီဂျင်ပြတ်ပြီး သတိလစ်နေသူ အမျိုးသား ၂ ဦးကို လောကပါလအသင်း၊ ထာတရတွဲလက်များအသင်း ယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပေမဲ့ မန္တလေးဆေးရုံကြီးအရောက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။