နိုင်ဂျာ စစ်အာဏာသိမ်းမှုကို နောက်ပြန်ဆုတ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ မအောင်မြင်ဘူးဆိုရင်တော့ အနောက်အာဖရိကနိုင်ငံများစီးပွားရေးအဖွဲ့ ECOWAS ဟာ နိုင်ဂျာကို စစ်ရေးအရ ဝင်စွက်ဖက်ဖို့ အသင့်ရှိနေကြောင်း ECOWAS အကြီးတန်းအရာရှိတဦးက သြဂုတ် ၁၇ ရက်က ဂါနာမှာ တွေ့ဆုံဆွေးနွေးနေတဲ့ စစ်တပ်အကြီးအကဲတွေကို ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်က သမ္မတ မိုဟာမက် ဘာဇိုမ်ကို ရာထူးကဖယ်ရှားလိုက်တဲ့ စစ်အာဏာသိမ်းအဖွဲ့ဟာ ECOWAS အစုအဖွဲ့ သံတမန်တွေနဲ့ တွေ့ဆုံဖို့ကို ငြင်းဆိုလိုက်တာဟာ ဟန်ဆောင်ပန်ဆောင်လုပ်နေတာ ဖြစ်ပြီးတော့ သူတို့ရဲ့ တရားမျှတမှု မရှိတဲ့ အာဏာသိမ်းမှုကို တရားမျှတကြောင်း ပြဖို့အတွက် အကြောင်းပြချက်တွေ ရှာနေကြတာလို့ ECOWAS အစုအဖွဲ့ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကော်မရှင်နာ အဗ္ဗဒလ်-ဖှာတောက် မူဆာက စစ်အစိုးရကို စွပ်စွဲလိုက်ပါတယ်။
ECOWAS ဟာ စည်းကမ်းဥပဒေတွေကို အခြေခံတဲ့ အဖွဲ့အစည်းတခု ဖြစ်တာကြောင့် အစုအဖွဲ့မှာ ပရိုတိုကောတွေ၊ စံနှုန်းတွေ ရှိထားပြီးသားဖြစ်ပြီး ဒါတွေကို ကာကွယ်ဖို့လည်း အသင့်ပဲလို့ ECOWAS ကော်မရှင်နာ မူဆာက ပြောပါတယ်။
“ECOWAS နိုင်ငံတွေဟာ ကိုယ်ပိုင်အရင်းအမြစ်တွေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ရနိုင်သမျှ နည်းလမ်းအားလုံးနဲ့ နိုင်ငံတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်” လို့လည်း ဆိုပါတယ်။
မူဆာဟာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ ဘာဇိုမ်ကို တရားစွဲတင်မယ့် အချက်တွေပါရှိတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ကြေညာချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အသင့်အနေအထား တပ်ဖွဲ့တွေကို သက်ဝင်လှုပ်ရှားစေပြီး နိုင်ဂျာမှာ ဒီမိုကရေစီ ပြန်ရရှိလာစေဖို့ သေချာစေမယ့် အစီအစဉ်ကို ချမှတ်ရမယ်လို့ ဂါနာ ကာကွယ်ရေးဝန်ကြီး ဒိုမင်နစ် နီတိဝူလ်က ပြောပါတယ်။
ဂီနီနဲ့ နိုင်ဂျာတို့မှာ သမ္မတကိုယ်ရံတော် အစောင့်တွေက သူတို့ရဲ့ သမ္မတကို ဓားစာခံလုပ် ဖမ်းထားရင် အနောက်အာဖရိကမှာ ဘယ်သူမှ မလုံခြုံဘူးလို့လည်း ဆိုပါတယ်။
နိုင်ဂျာသမ္မတ ထိန်းသိမ်းခံရမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ECOWAS တို့က ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
Source - Reuters