မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရတဲ့ လယ်မြေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
အပူပိုင်းမုန်တိုင်း ခါနန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အထီးကျန်နိုင်ငံမှာ စားနပ်ရိက္ခာ အကျပ်အတည်းအတွက် စိုးရိမ်မှုတွေ တိုးမြင့်လာနေချိန်မှာ နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့တာပါ။
မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံလိုင်း KRT ကထုတ်လွှင့်တဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်ဂျုံအန်းဟာ တာဝန်ရှိသူတွေနဲ့အတူ စပါးခင်းတွေ ပတ်ပတ်လည်ကို ကြည့်ရှုရင်း သီးနှံတွေပေါ် ရေဖျန်းနေတဲ့ ဒရုန်းတွေကို ကြည့်ရှုချိန်မှာ သူ့ညီမ ကင်မ်ယိုဂျုံလည်း ပါဝင်ခဲ့ပါတယ်။
ကောက်ပဲသီးနှံတွေကို ဆယ်တင်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းအားထုတ်မှုကို ကင်မ်ဂျုံအန်းက ချီးကျူးခဲ့ပြီး လယ်ယာမြေ တကွက်မှ အဆုံးရှုံးမခံနိုင်လို့ တပ်ဖွဲ့ဝင်တွေကို စုစည်းထားတာလို့ ကင်မ်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အငတ်ဘေးအပါအဝင် မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း ပြင်းထန်တဲ့ အစာရေစာပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နယ်နိမိတ်ကို ပိတ်ချခဲ့တာဟာလည်း ကိစ္စရပ်တွေကို ပိုမိုဆိုးရွားစေတယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source - Reuters