ရန်ကုန်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ယင်းမာလမ်းသွယ်က လူနေအိမ်တလုံးမှာ ဩဂုတ် ၁၇ ရက် ညပိုင်းက ဂက်စ်အိုးပေါက်ကွဲလို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မီးလောင်မှုဟာ ည ၈ နာရီ မိနစ် ၂၀ လောက်က ယင်းမာလမ်းသွယ်က ၂ ထပ် ပျဉ်ထောင်အိမ်မှာ ဂက်စ်အိုးပေါက်ကွဲရာကနေ စတင်ခဲ့တာလို့ သိရပြီး နေအိမ်တခုလုံး မီးလောင်ပျက်စီးသွားပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “၂ ထပ် ပျဉ်ထောင်အိမ်ပါ။ ဂက်စ်အိုးပေါက်ပြီး လောင်တာ။ လောင်တဲ့အိမ်က အိမ်ရှင်တွေတော့ တယောက်မှမတွေ့ရဘူး။ အဘွားတဦးတော့ အသက်ရှူကျပ်ပြီး မေ့လဲသွားတာရှိတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့အိမ်မှာ နေထိုင်တဲ့ မိသားစုတွေက အပြင်ကိုရောက်ရှိနေချိန် ဖြစ်ပွားခဲ့တာလို့ သိရပြီး ဘေးချင်းကပ်အိမ်က အသက် ၅၅ နှစ်ကျော် အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပါတယ်။
အဆိုပါနေရာကို တောင်ပိုင်းခရိုင် မီးသတ်ယာဉ် ၃ စီး၊ သန်လျင်မြို့နယ် မီးသတ်ယာဉ် ၂ စီးနဲ့ အရပ်ဘက်အသင်းတွေက မီးငြှိမ်းသတ်ခဲ့ကြပြီး ည ၈ နာရီ ၃၅ မိနစ်မှာ မီးထိန်းနိုင်ကာ၊ ည ၈ နာရီ ၄၁ မိနစ်မှာ မီးငြိမ်းရေခဲသွားတယ်လို့ သိရတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဌာနက တွက်ချက်နေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ-MFSD