အာဆီယံ ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၁၇ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၃ အသင်းက အိမ်ရှင် ထိုင်းယူ-၂၃ အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အိမ်ရှင် ထိုင်းအသင်းဟာ ပွဲစတည်းက မြန်မာအသင်းကို တဖက်သတ် ဖိကစားထားပြီး ပွဲချိန် ၂၁ မိနစ်မှာ ဖုတ်ချာရာ၊ ပွဲချိန် ၃၃ မိနစ်မှာ ဝမ်ဖရာဖိုနဲ့ ပွဲချိန် ၈၈ မိနစ်မှာ ရိုဆာခွန်တို့က ဂိုးတွေသွင်းယူခဲ့ပါတယ်။
အုပ်စုတွင်း တခြားပွဲစဥ်ဖြစ်တဲ့ ကမ္ဘောဒီးယားယူ-၂၃ အသင်းနဲ့ ဘရူနိုင်းယူ-၂၃ တို့ပွဲစဥ်မှာ ကမ္ဘောဒီးယားအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စု က မှာ ကမ္ဘောဒီးယားအသင်းက ရမှတ် ၃ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ ထိုင်းအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယ၊ မြန်မာအသင်းနဲ့ ဘရူနိုင်းတို့ ရမှတ်မရှိနဲ့ အုပ်စု တတိယနဲ့ နောက်ဆုံးနေရာတို့မှာ ရပ်တည်နေပါတယ်။
အာဆီယံ ယူ-၂၃ အမျုိးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု ၃ ခုက ပထမရတဲ့အသင်း ၃ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၁ သင်းသာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာဖြစ်တာကြောင့် မြန်မာအသင်းဟာ နောက်ဆုံး ၂ ပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့အပြင် ဂိုးများများသွင်းနိုင်မှ နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာယူ-၂၃အသင်းဟာ အုပ်စုဒုတိယပွဲစဥ်အဖြစ် ကမ္ဘောဒီးယားယူ-၂၃ အသင်းနဲ့ သြဂုတ် ၁၉ ရက်နေ့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။