ဝါဒါဘရီမင်အသင်းနဲ့ ကစားရမယ့် ဂျာမန် ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူးသစ် ဟယ်ရီကိန်းကို ပွဲထွက်ကစားစေမယ်လို့ နည်းပြတူချယ်က အတည်ပြုသွားပါတယ်။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ စနေနေ့ကမှ စပါးအသင်းကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာသူပါ။ ကိန်းဟာ လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာ ၂၆ မိနစ်လောက် လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။
စနေနေ့ မနက်အစောပိုင်းကစားမယ့် ဝါဒါဘရီမင်နဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ပထမဆုံးပွဲစဉ်ဖြစ်လာတော့မှာပါ။
ဟယ်ရီကိန်းက နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ်သလို ပရော်ဖက်ရှင်နယ်ပီသပြီး အရည်အသွေး ထူးချွန်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်း၊ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဟာ အသင်းအဝတ်လဲခန်းမှာ ချက်ချင်းအကျိုးပြုနိုင်ခဲ့ကြောင်း နည်းပြ တူချယ်က ချီးကျူးသွားခဲ့ပါတယ်။