အိန္ဒိယနိုင်ငံဘက်ခြမ်း ဟိမဝန္တာတောင်တန်းရှိ နွေရာသီမြို့တော် ရှင်းမ်လားမှာ မြေပြိုမှုကြောင့် သြဂုတ် ၁၆ ရက်အထိ သေဆုံးသူဦးရေဟာ ၅၇ ဦးကနေ ၇၁ ဦးအထိ တိုးမြင့်လာကြောင်း အာဏာပိုင်တွေက အရေအတွက် ပြန်ပြင်ဆင်ခဲ့ပါတယ်။
အခုချိန်ထိ ရုပ်အလောင်း ၁ ဒါဇင်လောက်ကိုပဲ ပြန်လည်ဆယ်ယူထားနိုင်ပြီး အလောင်းရှာဖွေတာတွေကို ဆက်လုပ်နေကြပါတယ်။
ဟီမာချလ်ပရာဒက်ရှ်ပြည်နယ်မှာ လူပေါင်း ၂,၅၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ သန်းနဲ့ချီရှိနိုင်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွင်းဝန် အွန်ကာ ချန်းဒ် ရှာမားက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မြေပြိုကျထားတဲ့ ဘုရားကျောင်းအနီးမှာ တနင်္လာနေ့ ကတည်းက ရွှံ့နွံတွေ၊ ကျိုးကျနေတဲ့ သစ်ပင်တွေနဲ့ အပျက်အစီးတွေကို တူးဖော်နေခဲ့ပြီး သြဂုတ် ၁၇ ရက်ကလည်း အလောင်းတွေကို ဆက်ရှာဖွေခဲ့ပါတယ်။
သြဂုတ် ၁၅ ရက်က မိုးရွာသွန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေကြောင့် ရှင်းမ်လားမှာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးနေရာကနေ နောက်ထပ် ရုပ်အလောင်း ၃ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။
တောင်တန်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမြေပြိုမှုတွေ ဖြစ်ပြီး လူတွေ အသေအပျောက် များခဲ့ပါတယ်။
နေအိမ်တွေနဲ့ အဆောက်အအုံတွေ ကျောက်တုံးတွေအောက် ပိကုန်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးခဲ့ကာ လျှပ်စစ်နဲ့ မီးရထားလမ်း ကွန်ရက်တွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။
Source - Reuters