မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးတဝိုက်မှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ သောင်းဂဏန်းနီးပါး ရှိလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သပိတ်ကျင်းမြို့နယ် မြောက်ဘက်ခြမ်း တကောင်းနယ်တကြောမှာရှိတဲ့ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း၊ ပေါ်တော်မူ၊ ဆင်ညှပ်ကုန်း၊ ကျောက်အိုက် စတဲ့ ကျေးရွာတွေအပြင် မြင်းသေ၊ ချိုချဉ်မြိုင်၊ ဒေါမကြီး စတဲ့နေရာတွေကိုပါ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းဂဏန်းနီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ပြည်သူတွေအတွက် ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်။ နောက်ပြီး မိုးရွာနေတော့ ရှောင်ရတဲ့အချိန်တွေဆိုတော့ မိုးရွာတွေထဲ သွားရတာတွေရှိတော့ ပြည်သူတွေ ဖျားနာတာတွေပေါ့၊ ငှက်ဖျားပေါတဲ့ဒေသလည်း ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်အုပ်စုဟာ အင်အား ၁,၀၀၀ ခန့်နဲ့ စစ်ကြောင်းလေးကြောင်းခွဲပြီး တကောင်းတိုက်နယ် အတွင်း မန္တလေး-ဗန်းမော် ကားလမ်းအရှေ့ဘက်ခြမ်း တခုလုံးကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။ အဲ့ဒီအတွက် နှစ်ဖက်တိုက်ပွဲတွေ ရက်အတော်ကြာ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
စစ်အုပ်စုဟာ ကျောက်အိုက်ကျေးရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သလို သူတို့ စစ်ကြောင်းထိုးရာတလျှောက်က စစ်ဘေးရှောင်သွားတဲ့ ပြည်သူတွေရဲ့ အခင်းတဲတွေနဲ့ လူနေအိမ်တွေကိုလည်း PDF တွေ ခိုအောင်းဖို့ ထားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေကို မတရားစွပ်စွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။