မြန်မာ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာဆီကနေ လိုအပ်တဲ့အထောက်အပံ့ကောင်းတွေ ရရှိမယ်ဆိုရင် အောင်မြင်နိုင်တဲ့အကြောင်း၊ ဒီပွဲမှာအောင်မြင်မှလည်း ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတခုကို ပြန်ပြီးဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံကို လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာတဲ့နိုင်ငံ ဖြစ်လာအောင် ကူညီဖို့အသင့်ရှိတဲ့အကြောင်း ကနေဒါ လွှတ်တော်အမတ် အဒမ်ချိန်းဘားစ်က ဒီဗွီဘီကို ပြောပါတယ်။
ကနေဒါလွှတ်တော်မှာ ပါတီအသီးသီးကို ကိုယ်စားပြုတဲ့ အမတ်တွေနဲ့ စုဖွဲ့ထားတဲ့ “Parliamentary Friends of A Democratic Burma” ရဲ့ တွဲဘက်ဥက္ကဋ္ဌ လွှတ်တော်အမတ် အဒမ်ချိန်းဘားစ်ကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့မှာ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောကြားထားတာ ဖြစ်ပါတယ်။
(အပြည့်အစုံမှာ)
မေး။ ဒီလိုတွေ့ဆုံခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမသိရသလောက်ဆိုရင် လွှတ်တော်အမတ် အဒမ်ချိမ်းဘားစ်အနေနဲ့ မြန်မာ့အရေးကို အာရုံထားပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာလေးကို အရင်ဆုံး နည်းနည်းလောက် ပြောပြပေးပါလား။
ဖြေ။ “ကျနော်ကတော့ House of Common လို့ခေါ်တဲ့ ကနေဒါ အောက်လွှတ်တော်မှာ Simcoe North မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ ကျနော့်ရဲ့ရှေ့မှာတော့ ဘရုစ်စတင်တန် ရှိပါတယ်။ သူကတော့ Parliamentary Friendship of Burma Association ရဲ့ ဥက္ကဋ္ဌပါ။ သူ့လက်ထက်မှာကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အများသတိထားမိအောင် ပြောဆို ဆွေးနွေးခဲ့ကြတာပါ။ ကျနော် ရွေးချယ်ခံရပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုဗစ်ကာလလည်း ဖြစ်နေတော့ အဖွဲ့အစည်းတွေ အတော်တော်များများ အလုပ်လုပ်ရတာ အဆင်မပြေကြပါဘူး။ တယောက်နဲ့တယောက် တွေ့ဖို့ဆိုတာလည်း တော်တော်မလွယ်တဲ့ ကိစ္စပါ။ ကိုဗစ် ငြိမ်သွားတဲ့ နောက်ပိုင်းမှာတော့ ကျနော်တို့ (Parliamentary Friends of a Democratic Burma) ဆိုပြီး ပြန်စခဲ့ကြတာပါ။”
“ဒီအဖွဲ့ဟာဆိုရင် ကနေဒါ ဥပဒေပြုလွှတ်တော်က အသိအမှတ်ပြုထားတဲ့ ပါတီအသီးသီးကို ကိုယ်စားပြုတဲ့ အမတ်တွေနဲ့ စုဖွဲ့ထားတာပါ။ မြန်မာ့အရေးကို လွှတ်တော်ထဲမှာ သော်လည်းကောင်း၊ အများပြည်သူကြားထဲမှာသော်လည်းကောင်း ပိုပြီး သတိထားမိလာအောင် ဆွေးနွေး လုပ်ဆောင်နေကြတာမျိုးပါ။ ဒီလိုဆွေးနွေးပြီးတဲ့ အခါမှာတော့ အစိုးရကို အကြံပြု တိုက်တွန်းတာတွေ ကျနော်တို့ လုပ်ကြပါတယ်။ ဥပမာ နောက်ထပ် ဘယ်လိုအရေးယူမှုတွေ လုပ်ဆောင်မလဲ စသဖြင့်ပေါ့။ ပြီးခဲ့တဲ့ကာလတွေ တလျှောက်လုံးမှာ ကျနော်တို့က မြန်မာကွန်မြူနတီ ကိုယ်စားပြုတဲ့လူတွေနဲ့ တွေ့ဆုံတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။”
“ဥပမာ ကနေဒါကိုရောက်နေတဲ့ မြန်မာကွန်မြူနတီတွေ၊ ဒီမှာရှိနေတဲ့ ကနေဒါတွေ၊ ထိုင်းကနေ မြန်မာအထိ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေ၊ တကယ်မြေပြင်မှာ လက်တွေ့လုပ်ဆောင်နေတဲ့ ကနေဒါနိုင်ငံက အဖွဲ့တွေနဲ့ တွေ့ဆုံပြီး လက်တွေ့မှာ ဘာတွေဖြစ်နေလဲ။ ဘယ်လို လိုအပ်ချက်တွေ ရှိနေလဲ၊ ကျနော်တို့နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို ဘယ်လိုထောက်ပံ့ကူညီမှုတွေ လုပ်ပေးဖို့လိုမလဲ ဆွေးနွေးကြတယ်။ ကြားနေရတာတွေ အားလုံးအရ တရားမဝင်တဲ့၊ ရက်စက်ရမ်းကားတဲ့ စစ်အာဏာရှင် အောက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတောင် ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။”
မေး။ တကယ်တော့ ကနေဒါဆိုတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ နိုင်ငံတနိုင်ငံပါ။ ကျမတို့ မြန်မာနိုင်ငံရဲ့ အနေအထားကတော့ ဒီမိုကရေစီဆိတ်သုဉ်းပြီး တရက်တခြား ယိုယွင်းပျက်စီးလာနေတဲ့ အနေအထားပါ။ ဒီနေရာမှာ ကနေဒါအနေနဲ့ ဒီမိုကရေစီကို ဖျက်ဆီးပစ်တဲ့ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေ၊ သူတို့နဲ့ ဆက်စပ် ပတ်သက်နေတဲ့ သူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူနေတာလည်း သိရပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ကနေဒါအနေနဲ့ ဒါထက်ပိုလုပ်ဖို့ လိုအပ်တယ်လို့ မြင်နေကြတာလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူကြီးမင်းရဲ့အမြင်က ဘယ်လိုရှိလဲဆိုတာ ပြောပြပေးနိုင်မလားရှင်။
ဖြေ။ “ဒါထက်ပိုပြီး အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော် လုံးဝ ထောက်ခံပါတယ်။ ကနေဒါအနေနဲ့ တကယ့်ဦးဆောင်မှု အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျနော်တို့မှာ အစဉ်အလာလည်း ရှိခဲ့ပါတယ်။ အရင်တုန်းကတည်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ဆိုတာတွေကို ဦးဆောင်ပြီး လုပ်ခဲ့တဲ့နိုင်ငံပါ။ ဥပမာ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးခဲ့တာမျိုးတွေက အစပေါ့။ အခုအချိန်မှာ ကနေဒါအနေနဲ့ နောက်တဆင့်တိုးပြီး လုပ်ဆောင်ဖို့ လိုလာပါတယ်။ အခုလည်း ကနေဒါ အစိုးရက ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ တစထက်တစ ဆိုးဝါးလာတဲ့ အနေအထားမှာ လူတွေအနေနဲ့ တနေ့ထက်တနေ့ ပိုပြီး ယုံကြည်လာတာက ကနေဒါအစိုးရအနေနဲ့ ဒီထက်ပိုပြီး လုပ်ပေးနိုင်သေးတယ်ဆိုတဲ့ ယုံကြည်မှုပါ။ ဥပမာအားဖြင့် ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်တဲ့အခါမှာ တဦးချင်းတွေ အပေါ်မှာ အရေးယူပိတ်ဆို့မှုတွေကို ပိုတိုးပြီးလုပ်မလား၊ လေယာဉ်ဆီ ဖြတ်တောက်တာမျိုးတွေကို ဦးစားပေး လုပ်ဆောင်မလား၊ စစ်ကောင်စီကို ဝင်ငွေရအောင် လုပ်ပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိုပြီး ပစ်မှတ်ထားမလား ဆိုတာမျိုးတွေပါ။ ဒါက ပထမ ဥပမာတခုပါ။”
“ဒုတိယတနည်းကတော့ Early Warning System လိုဟာမျိုးတွေ၊ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းက ပစ်ခတ်တာတွေကို ကာကွယ်နိုင်ဖို့ Air Missile defence System လို ဟာမျိုးတွေ အကူအညီပေးနိုင်မလား ဆိုတာမျိုးတွေအထိ ဆွေးနွေးနေကြတာ ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်ရင် သူတို့အတွက် ပိုအကျိုးရှိလိမ့်မလားဆိုတဲ့ အမြင်လည်း ရှိပါတယ်။ ဆိုလိုတာ ဒုက္ခသည်တွေ တနေ့တခြား တိုးလာတဲ့ ပြဿနာတွေရှိတယ်၊ အချိန်တွေ ကြာလာတာနဲ့အမျှ ပိုတိုးလာနိုင်တဲ့ အနေအထားတွေ အပေါ်မှာ ဘယ်လိုတိုးမြှင့် လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာတွေအပေါ်မှာ ဆွေးနွေးကြရပါတယ်။ ဆိုတော့ လုပ်စရာတွေကတော့ အများကြီးပေါ့။ အဲဒီနေရာမှာ အစိုးရရဲ့အပိုင်း ရှိသလို လွှတ်တော်ကလည်း ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းကို ရှာဖွေဖို့ တိုက်တွန်းရတာ ရှိပါတယ်။ လွှတ်တော်ပိုင်းကတော့ အစိုးရအနေနဲ့ အရေးယူနိုင်ဖို့ ထောက်ခံပေးရတာတာတွေ ရှိမယ်။ ဒါပေမဲ့ ပထမဦးဆုံး လုပ်ရမယ့်အလုပ်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေ အများသိရှိအောင် လုပ်ရတဲ့အလုပ်ပါ။”
မေး။ အဲဒီလို မြန်မာနိုင်ငံကကိစ္စကို ကနေဒါလို နိုင်ငံမျိုးမှာ အများပြည်သူ သိရှိအောင် (Public Awareness) လုပ်ရတဲ့အလုပ် ဆိုတာကကော လွယ်ကော လွယ်ကူရဲ့လား။
ဖြေ။ “လွယ်ရဲ့လားဆိုတဲ့နေရာမှာ တကယ်လို့ အကြောင်းအရာတခုကို လူတွေကြားသိလာရင် ဘာတွေဖြစ်နေတယ် ဆိုတာကို သိရှိဖို့ သူတို့ စိတ်ဝင်စားကြပါတယ်။ ဘာတွေဖြစ်နေလဲ သူတို့ကြားသိတဲ့အခါ ဒါတွေကို ရပ်တန့်အောင် လုပ်နိုင်ဖို့ သူတို့အားလုံး သဘောတူကြပါတယ်။ ဒီနေရာမှာ စိန်ခေါ်မှုနည်းနည်းရှိတာက ပထမဆုံးအကြိမ် သူတို့ သိရှိပြီး စိတ်ဝင်စားလာအောင် လုပ်ရတဲ့အပိုင်းပါ။ စောစောကပြောတဲ့ တနေ့တခြား ဆိုးလာတယ်ဆိုတဲ့ အနေအထားမှာ လွှတ်တော်တွင်းမှာတင် အမတ်တွေနဲ့ စိမ်းနေတဲ့ အကြောင်းအရာတခု ရှိတယ်ဆိုရင် ဒါကို သိနားလည်သွားအောင် အချင်းချင်း Educate ပြန်လုပ်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာဆိုရင် ကျနော်ဆိုလည်း အောက်လွှတ်တော်အမတ် တယောက်ပါပဲ။ အောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းက နုသေးတယ်ဆိုရင် သူတို့ အကုန်မသိနိုင်ပါဘူး။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်က ဒီအပေါ်မှာ အလေးထားအောင်၊ စိတ်ဝင်စားမှု ရှိလာအောင် လုပ်ဆောင်ယူရတာမျိုးပါ။ ဒီနေရာမှာ ဥပမာ ကျနော့်ရှေ့က လုပ်သွားတဲ့ အမတ်ဟောင်း မစ္စတာ ဘရုစ်စတင်တန် အောင်မြင်အောင်လုပ်သွားခဲ့တဲ့ အပေါ်မှာ ကျနော်က ဆက်ပြီး တည်ဆောက်ယူရတာပါ။”
မေး။ ဒီနှစ် ဇန်နဝါရီလထဲမှာပဲ အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီကို ကနေဒါကနေ လေယာဉ်ဆီတင်ပို့ခွင့်နဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူလိုက်တာ ရှိပါတယ်။ အဲဒါအတွက် ကနေဒါကို ကျေးဇူးတင်စရာရှိပါတယ်။ ဒါပေမဲ့ ကနေဒါက ဘာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အရေးမယူသေးတာလဲဆိုတာ လေးတော့ သိပါရစေ။
ဖြေ။ “ကျနော်တို့ ဒီကိစ္စအတွက် တခြားပါတီတွေက လွှတ်တော်အမတ်တွေ အပါအဝင် ဒီမှာရှိနေတဲ့ ဒေသခံ ကွန်မြူနတီတွေနဲ့ ပူးတွဲလုပ်ဆောင်နေတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့လတွေမှာပဲ လူထုရဲ့ သဘောထားစစ်တမ်းလို့ ပြောလို့ရတဲ့ တရားဝင်မေတ္တာရပ်ခံစာ (Petition) တွေ ကောက်ယူပြီးတော့ အစိုးရကို တင်ပြတောင်းဆိုတားတာတွေ ရှိပါတယ်။ ဥပမာဆိုရင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ပေးပါ ဆိုတာမျိုးပေါ့။ MOGE ဟာ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အဓိက အဖွဲ့အစည်းပါ။ ဒါကြောင့် ဒါကို အရေးယူဖို့ဆိုရင် နိုင်ငံတကာအနေနဲ့လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်တာမျိုး ဖြစ်ဖို့လိုပါတယ်လို့ မြင်ပါတယ်။ ဒီငွေတွေကြောင့် လူတွေ နေ့စဉ်သတ်ဖြတ်ခံနေရတယ်၊ အသက်ဘေးနဲ့ ကြုံတွေ့နေရတယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တယ်တွေနဲ့ ကြုံတွေ့နေရတဲ့အတွက် MOGE ကို ထိထိရောက်ရောက် အရေးယူရေးဆိုတဲ့ အချက်အပေါ်မှာ အပြည့်အဝ ယုံကြည်ပါတယ်။”
“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုလုပ်လို့ရနိုင်မလဲ ဆိုတာကို အတိအကျတော့ မသိသေးပါဘူး။ ဒီမှာ ကျနော်တို့ဖြစ်စေချင်တာက မဟာမိတ်နိုင်ငံတွေပါ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ တချို့အပိုင်းတွေမှာ စိန်ခေါ်မှုလေးတွေ ရှိနေတယ်။ ဖြစ်သင့်တာကတော့ တပြိုင်နက်တည်း ပူးပေါင်းလုပ်ဆောင်ကြတာမျိုးပါ။ အရေးယူမှုတွေ တိုးလုပ်နိုင်ဖို့ လိုတယ်ဆိုတဲ့ နေရာမှာ နောက်တနည်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ UNSC က လုပ်တဲ့နည်းပါ။ လုံခြုံရေးကောင်စီအနေနဲ့ လုပ်မယ်ဆို လုပ်လို့ရပါတယ်။ ဥပမာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ လူတွေကို ဖော်ထုတ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) လွှဲပြောင်းပေးလို့ရပါတယ်။ ဒီလိုလုပ်နိုင်တဲ့ အခွင့်အရေး သူ့မှာရှိနေပါတယ်။ ဟုတ်ပါတယ် MOGE ကတော့ ကွန်မြူနတီကို တိုက်ရိုက်ထိခိုက်စေတာမို့ ကျနော်တို့လည်း ဒါကို petition လုပ်ပြီး ဖြစ်သင့်တဲ့အနေအထားတခု ဖြစ်လာဖို့ တိုက်တွန်းနေတာ ရှိပါတယ်။”
မေး။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပါလီမန်ဆိုင်ရာအတွင်းဝန် မစ္စတာ ရောဘတ် အိုလဖင့် (Mr. Robert Oliphant) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့တာရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လို နားလည်ထားပါသလဲ။
ဖြေ။ “ဟုတ်ပါတယ်။ တလောက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းဝန်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ ဒါက NUG ကို တရားဝင်အစိုးရတရပ်လို သဘောထားပြီး တွေ့ဆုံတာပါ။ တနည်းအားဖြင့်လည်း အသိအမှတ်ပြုတယ် ဆိုတာကို ပြသတဲ့သင်္ကေတပါ။ ဥပမာ NUG ကို ကနေဒါအစိုးရကနေ တရားဝင်အစိုးရတခုလို သဘောထားပြီး ထိတွေ့ဆက်ဆံနေတယ် ဆိုတာက တခြား နိုင်ငံတကာရဲ့ အမြင်အတွက်လည်း အရေးကြီးပါတယ်။ အလားတူပဲ မြန်မာပြည်သူတွေ ဖြစ်စေချင်တဲ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် ပြန်သွားဖို့ ဆိုတဲ့နေရာမှာ အထောက်အပံ့တွေပေးဖို့ တောင်းဆိုတာမျိုးပဲဖြစ်ဖြစ်၊ စစ်တပ်ကို ပိုပြီး အရေးယူပေးဖို့ တောင်းဆိုတာမျိုးတွေပဲဖြစ်ဖြစ် ကနေဒါအစိုးရနဲ့ တရားဝင် အပြန်အလှန်ပြောဆို (Dialogue) လုပ်လို့ရအောင် ဖွင့်ပေးတဲ့ သဘောလည်း ပါတယ်လို့ မြင်ပါတယ်။”
မေး။ နောက်ဆုံးမေးချင်တဲ့မေးခွန်းပါ။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ။ “ဒါက ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် လုပ်ဆောင်နေတဲ့ တိုက်ပွဲဝင်မှုတခုလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီကတော့ လိုအပ်ပါတယ်။ ကျနော်ယုံကြည်တာကတော့ နိုင်ငံတကာက လိုအပ်တဲ့ အထောက်အပံ့ကောင်းတွေ ရရှိမယ်ဆိုရင် အောင်မြင်နိုင်တယ် ဆိုတာပါပဲ။ ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေ၊ ဆိုးဝါးလွန်းတဲ့ ရာဇဝတ်မှုတွေ၊ ဒီပြစ်မှုတွေ ကျူးလွန်နေတာကို ရပ်တန့်အောင်လုပ်နိုင်တဲ့ ကူညီမှုတွေဟာ အရေးကြီးတဲ့ အကူအညီမျိုးတွေပါ။ အခုဆိုရင် ပြည်သူတွေ အတော်များများ သေကျေပျက်စီးသွားကြပါပြီ။ ဒုက္ခသည်တွေလည်း အမြောက်အမြား ဖြစ်နေပါပြီ။ ဒီပွဲမှာ အောင်မြင်မှလည်း ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတခုကို ပြန်ပြီး ဖော်ဆောင်နိုင်မှာပါ။ ဒီလိုဖြစ်လာတာနဲ့အတူ အခြေခံအုတ်မြစ်တွေဖြစ်တဲ့ Power Sharing Agreement တွေ လိုလာပါလိမ့်မယ်။ ဒါတွေရှိမှ တဦးအပေါ်တဦး လေးစားမှုရှိမှာဖြစ်သလို လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာတဲ့နိုင်ငံ ဖြစ်လာမှာပါ။ ဒီလိုဖြစ်လာအောင်လည်း ကျနော်တို့ ကူညီဖို့ အသင့်ပါပဲ။”
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
ယမင်းမြတ်အေး