ဟိမဝန္တာတောင်တန်းရှိ အိန္ဒိယရဲ့ ရှင်းမ်လားတောင်ကုန်းမြို့မှာ မိုးသည်းထန်စွာရွာသွန်း မြေပြိုမှုကြောင့် အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦး ပျောက်ဆုံးနေသေးကြောင်း ဟီမာချလ်ပရာဒက်ရှ် ပြည်နယ်အထွေထွေအတွင်းရေးမှူး ပရာဒိုး ဆက်ခ်စီနာ ပြောပါတယ်။
သြဂုတ် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် တောင်ကုန်းတွေပြိုကျပြီး နေအိမ်တွေလည်း နစ်မြုပ်ကာ အဆောက်အဦတွေလည်း မြေကြီးမှာ ဆွဲပါရွေ့လျားမှုကြောင့် ဒေသခံတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်မှာတော့ ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ မြေပြိုမှုရဲ့ အပျက်အစီးတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေကြပြီး ပျောက်ဆုံးနေသူ တဒါဇင်ကျော်ရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေကလည်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပါတယ်။
ဒေသခံတွေဟာ သူတို့ရဲ့ ပျောက်ဆုံးဆွေမျိုးတွေကို အသက်ရှင်လျက် ပြန်မတွေ့နိုင်တော့မှာကို စိုးရိမ်နေကြပါတယ်။
ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတွေနဲ့ တခြား ပညာရေးသိပ္ပံတွေကိုလည်း ပိတ်ထားခဲ့ပြီး ထိခိုက်လွယ်တဲ့ ဘေးသင့်ဒေသတွေရှိ ပြည်သူတွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းထားကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အိန္ဒိယနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ နီပေါတို့ရှိ တောင်တန်းတွေမှာ မိုးရွာပေမဲ့ လုပ်ငန်းမရပ်နားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြောင့်လည်း ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source - Reuters