ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ သြဂုတ် ၁၄ ရက် နှောင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေးသုံးယောက် အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရုရှား အရေးပေါ်ဝန်ဆောင်မှု ဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
တနင်္လာနေ့ညက ဒေသတွင်းမြို့တော် မာခါချက်ခါလာမှာရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်က ကားပြင်ဆိုင်တဆိုင်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးနားမှာရှိတဲ့ စက်သုံးဆီဆိုင်ကို ပျံ့နှံ့သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၁၃ ဦးက ကလေးငယ်တွေလို့ ဒါဂျက်စတန် ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး Interfax သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဧရိယာစတုရန်းမီတာ ၆၀၀ အထိ ပျံ့နှံ့သွားတဲ့မီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေဟာ ၃ နာရီခွဲလောက် အချိန်ယူခဲ့ရတယ်လို့ ရုရှားအရေးပေါ်ဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မီးငြှိမ်းသတ်ရာမှာ လူ ၁၅၃ ဦးနဲ့ မီးသတ်ကား ၂၉ စီး ပါဝင်ခဲ့တယ်လို့ ဒေသဆိုင်ရာ ရုရှားအရေးပေါ်ဝန်ကြီးဌာန အရာရှိချုပ် နာရီမန် ခါဇီမာဂါမေဒတ်ဗ်က ပြောခဲ့ပါတယ်။
Source - Reuters