မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၄ လမ်းနဲ့ ၅၉ လမ်းထောင့်ရှိ နဒီချောင်းမှာ ဩဂုတ် ၁၆ ရက် မနက်ပိုင်းက ကလေးရုပ်အလောင်းတခု တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါချောင်းထဲမှာ မနက် ၆ နာရီခွဲလောက်က မှောက်ခုံအနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး ၄ နှစ်သား အရွယ် ယောက်ျားလေးရုပ်အလောင်း ဖြစ်ပါတယ်။
မြရည်နန္ဒာကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “၁၁၄ လမ်းနဲ့ ၅၉ လမ်းထောင့်က နဒီချောင်းမှာ မနက် ၆ နာရီခွဲလောက် တွေ့တာပါ။ မိသားစုအိမ်နဲ့ဆို တပြလောက်ပဲဝေးတယ်။ ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်က ပျောက်သွားတာလို့ ပြောတယ်။ မန္တလေးဆေးရုံကြီး ပို့ထားပေးပါတယ်” လို့ ပြောပါတယ်။
ကလေးငယ်ဟာ ချမ်းမြသာစည်၊ ကန်သာယာရပ်ကွက်၊ လမ်း ၆၀ စီ၊ သံလမ်းမှာနေထိုင်တဲ့ မောင်အီလီရပ် (ခ) ကျော်မျိုးထွေးလို့ သိရပြီး ဩဂုတ် ၁၃ ရက် ညနေ ၆ နာရီလောက်ကတည်းက ဆော့ကစားနေရင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
ချောင်းထဲမှာ ကလေးရုပ်အလောင်း တွေ့ရှိခဲ့တာကို မိသားစုတွေဆီ ဆက်သွယ် အကြောင်းကြားထားတယ်လို့ သိရပြီး မန္တလေးဆေးရုံ ရင်ခွဲဌာနကို မြရည်နန္ဒာအသင်းကားနဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။