ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ ရှမ်းရွှေ့ပြောင်းလုပ်သားရဲ့ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အခိုးခံရပြီး သတ်ဖြတ်ကာ ရေထဲကို ပစ်ချခံခဲ့ရတယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့ ဩဂုတ် ၁၆ ရက် မနက် ၁၁ နာရီလောက်က ဟန်ဒုံးမြို့နယ် နမ့်ဖရဲ့အုပ်စု နဖားဌာနီရပ်ကွက်ရှိ ရေကန်ထဲမှာ ကျောင်းဝတ်စုံဝတ်ထားတဲ့ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးရဲ့ အလောင်းကို ရပ်ကွက်ထဲကလူတွေ တွေ့ရှိပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး ကလေးမိဘ အုပ်ထိန်းသူတွေကို စုံစမ်းရှာဖွေစဉ် မနေ့ ဩဂုတ် ၁၅ ရက် ည ၈ နာရီကျော်လောက်က စိုင်းအောင်ဆိုသူ ရွှေ့ပြောင်းလုပ်သား ၁ ဦးဟာ မြို့မရဲစခန်းမှာ ကလေးပျောက် လာရောက်တိုင်ကြားထားတာကို သိရှိခဲ့ပါတယ်။
အဆိုပါကလေးဟာ ချင်းမိုင်မြို့ ဟိုင်ယားရပ်ကွက်ရှိ စာသင်ကျောင်းတကျောင်းမှာ ကျောင်းတက်နေစဉ် မနေ့ညနေ ၃ နာရီခွဲလောက်မှာ လူ ၁ ဦးက အနက်နဲ့အနီကြားရောင် ဟွန်ဒါဆိုင်ကယ် (နံပါတ်ပြား တပ်မထား) နဲ့ လာကြိုသွားတယ်၊ ဘယ်သူမှန်းမသိဘဲ ကလေးကိုလည်း ရှာမတွေ့ဘူးလို့ တိုင်ထားတာပါ။
တာဝန်ရှိသူတွေက စီစီတီဗွီကင်မရာထဲ ပြန်ကြည့်ပြီး အဆိုပါဆိုင်ကယ်သွားရာနောက် လိုက်လံစစ်ဆေးကာ အသက် ၂၉ နှစ်အရွယ်ရှိ စိုင်းစိုင်းဆိုသူကို ဒီကနေ့မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
စိုင်းစိုင်းက ကလေးကို သွားကြိုပြီး ရေထဲပစ်ချကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းမှာ ကလေးရဲ့ ဒေါ်လေးဖြစ်သူဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်ကြောင်း၊ ဇနီးနဲ့ ပြန်ပေါင်းချင်လို့ သွားရောက်ချော့မော့ ညှိနှိုင်းခဲ့ပေမဲ့ ဇနီးက ပြန်မပေါင်းတဲ့အတွက် မကျေမနပ်ဖြစ်ပြီး မနေ့က ကလေးကို ကျောင်းသွားကြိုကာ နမ့်ဖရဲ့ရပ်ကွက်ထဲက လူရှင်းတဲ့ နေရာမှာ ကလေးကို ထုနှက်ထိုးကြိတ်ပြီး ကလေး သတိမေ့ လဲကျသွားတဲ့အခါ ရေကန်ထဲကို ပစ်ချလိုက်တာလို့ ထွက်ဆို ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ကလေးခိုးမှု၊ တမင်ရည်ရွယ်လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကိုးကား - chiangmainews