ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကစ်မြို့ထဲမှာ စက်တင်ဘာ ၁၅ ရက် မနက်က ကြီးမားသော လျောင်းတော်မူဘုရား ဆင်းတုတော်တဆူရဲ ဦးခေါင်းတော် ပြိုကျသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဆင်းတုတော်ကြီးမှာ ဒွိုင်စကစ်ဘုရားဝင်းထဲမှာ တည်ရှိပြီး အရှည် ၅၉ ဒသမ ၉၉ မီတာ ရှည်လျားကာ ဒီနှစ်ထဲမှာမှ တည်ဆောက်ပြီးစီးသွားတာလို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က မိုးတွေ အဆက်မပြတ်ရွာသွန်းပြီး ဆင်းတုတော်ထဲကို ရေတွေ စိမ့်ဝင်သွားကာ အလေးချိန်ထုထည် မခံနိုင်တော့လို့ ကျိုးကျသွားတာ ဖြစ်နိုင်တယ်၊ ကန်ထရိုက်တာရဲ့ လက်ထဲမှာပဲ ရှိနေတာမို့ အမြန်ဆုံး ပြန်လည်ပြုပြင်မယ်၊ ခန့်မှန်းခြေ ၃ လအတွင်း ပြီးစီးမယ်လို့ ဘုရားဂေါပက တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါ လျောင်းတော်မူဘုရားမှာ မဟာမြတ်မုနိဆီဝိန်းဖင်းလို့ အမည်ရှိပြီး ဒီမတိုင်ခင် ၃ ရက် (စက်တင်ဘာ ၁၂ ရက်နေ့) ကမှာ ဘုရားအနေကဇာတင်ပွဲ လုပ်ခဲ့တယ်၊ အခုလို ဦးခေါင်းတော် ပြိုကျသွားတဲ့အပေါ် ဘုရားဒါယကာ ဒါယိကာမနဲ့ နယ်မြေခံတွေကြား မကောင်းတဲ့ အတိတ်နိမိတ်တွေလို့ ယူဆပြီး စိတ်နှလုံးညှိုးငယ်နေကြတယ်လို့ ဆိုပါတယ်။
ထိုင်းရတ်သတင်းဌာနက ရောက်ရှိသွားချိန်မှာ ဆင်းတုတော်ကို သင်္ကန်းနဲ့ဖုံးလွှားထားပြီး အနီးတဝိုက်ကိုလည်း ကြိုးတွေနဲ့တားထားကာ ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်၊ အခုလို ဖုံးလွှမ်းထားရတာဟာ ဗုဒ္ဓဘာသာဝင်တို့ စိတ်မချမ်းမြေ့မှာကို မလိုလားလို့ ဖြစ်တယ်၊ သတင်းမီဒီယာတွေလည်း အဲဒီပုံတွေ မဖြန့်ဝေဖို့ မေတ္တာရပ်ခံတယ်လို့ ကျောင်းထိုင်ဆရာတော်က ပြောတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source/Photo - Thairath