စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူ ၃ ဦး အဆိပ်ရှိမြွေဆိုး ကိုက်ခံရတယ်လို့ ဒေသတွင်း ကျန်းမာရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဩဂုတ် ၁၁ ရက်နေ့က ကိုးတောင်ဘို့တိုက်နယ် မိဿလင်ကုန်းကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ အင်းပုတ်ရွာက အသက် ၃၈ နှစ်အရွယ် အမျိုးသား တယောက် လယ်တောသွားရင်း မြွေဆိုးကိုက်ခံခဲ့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာလည်း ကိုးတောင်ဘို့တိုက်နယ်က အသက် ၄၀ အရွယ်ရှိတဲ့ အမျိုးသား တယောက် မြွေဆိုးကိုက်ခံရလို့ မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၁၂ လုံးနဲ့ အိန္ဒိယ မြွေဆိပ်ဖြေဆေး ၈ လုံး အားလုံးပေါင်း အလုံး ၂၀ ထိုးနှံကုသပေးခဲ့ရပြီး အခု အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာ မကြာခဏ ပြုလုပ်တဲ့အတွက် နီးစပ်ရာ တောထဲနဲ့ တဲတိုက်ထဲမှာ ၁ နှစ်ကျော်ကြာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေကာ မြွေဆိုးအန္တရာယ်တွေကြားမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကြိုးစားလုပ်ကိုင်နေကြရတယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ပြောပါတယ်။