Home
မြန်မာသတင်း
သာယာ၀တီထောင်၌ ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသားအချို့ သေဆုံးခြင်းမရှိဟု မိသားစု ပြော 
DVB
·
August 16, 2023
TharYarWaddy Prison 1
TharYarWaddy Prison 2

သာယာ၀တီအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ တိုက်ပိတ် ရိုက်နှက်ခံရလို့ သေဆုံးသွားပြီဆိုတဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ထောင်မှာ သွားရောက်စုံစမ်းကြည့်ကြရာမှာ သေဆုံးတာ မဟုတ်ကြောင်း သိခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုက ပြောပါတယ်။

ပြီးခဲ့တဲ့ အာဇာနည်နေ့တုန်းက အကျဉ်းထောင်တွင်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး  တိုက်ပိတ် ရိုက်နှက်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ထောင်ဆေးရုံတင်လိုက်ရတဲ့ နှစ်ယောက် သေဆုံးသွားပြီဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဒီသတင်းတွေ ထွက်ပေါ်နေတာကြောင့်   အကျဉ်းသားမိသားစုတွေ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ကြရပြီး ထောင်မှာ သွားရောက်စုံစမ်းကြည့်ကြရာမှာ သေဆုံးတာ  မဟုတ်ကြောင်း သိခဲ့ရတယ်လို့ တိုက်ပိတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ မိသားစုဝင် တယောက်က ပြောပါတယ်။

“နာမည်ကြီးသတင်းဌာနတချို့မှာ ပါလာတာ။ ကိုသန်းတိုးအောင်နဲ့ သုံးဆည်မြို့က ဦးလှစိုးတို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ထောင်ထဲမှာ သေဆုံးသွားခဲ့ပြီး ၉ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ရေးထားလို့။ နောက်တရက်မှာ ဦးလှစိုး မိသားစုဝင်တွေ  ပါဆယ် သွားပို့ကြတာ။ အထဲကနေ ဦးလှစိုးက ပါဆယ်လက်ခံယူလိုက်တယ်။ ကျန်းမာရေးတော့ မကောင်းဘူးလို့ သိရတယ်။ အဲဒီအပြင် သာယာ၀တီထောင်က ကရင်စုရပ်ကွက်ထဲမှာရှိတော့ ကရင်စုက အုပ်ချုပ်ရေးမှူးအဖွဲ့တွေဆီမှာ စုံစမ်းတော့လည်း အခုရက်ပိုင်း ထောင်က သေဆုံးသူမရှိဘူးလို့ သိရတော့ မိသားစုတွေလည်း စိတ်အေးရတာပေါ့။”

သာယာ၀တီထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတယောက်ကလည်း “ကိုသန်းတိုးအောင်က ကျန်းမာရေးမကောင်းဘူးဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ သေတယ်လို့ သတင်းတွေ တက်လာတော့ သူ့မိသားစုတွေက ကျမတို့ကို အကူအညီတောင်းတာ။ အဲ့ဒါနဲ့ပဲ  ထောင်၀န်ထမ်း နှစ်ယောက်လောက်ကို ဖုန်းဆက်မေးကြည့်တာ မဟုတ်ပါဘူးတဲ့။ သူ့မိသားစုကိုလည်း ဝန်ထမ်းနဲ့ စကားပြောထားတာကို အသံဖမ်းထားပြီး နားထောင်ခိုင်းရတယ်။ အဲဒီတော့မှ သူတို့လည်း  ယုံသွားတာ။ ပထမတော့ သတင်းတွေမှာ တက်လာတော့ သူတို့လည်း ဘာလုပ်ရမှန်း မသိဖြစ်နေတာ” လို့ ပြောပါတယ်။

သာယာ၀တီထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က နိုင်ငံရေးအကျဉ်းသူတွေက ဖဲကြိုး အနက်လေးတွေ ရင်မှာထိုးပြီး၊ ဝမ်းနည်းကြောင်း အထိမ်းအမှတ်လုပ်ကြတာကို၊ ထောင်ပိုင်က CCTV ကင်မရာနေ စောင့်ကြည့် လူမှတ်ပြီး ဦးဆောင်တယ်လို့ ယူဆတဲ့ အမျိုးသမီးသမီး အကျဉ်းသူ ၁၆ ယောက်ကို တိုက်ပိတ်ရိုက်နှက်ခဲ့ပါတယ်။ 

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဆောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ၁၆ ယောက်ကိုလည်း တိုက်ပိတ်လိုက်ပြီး ထောင်ဓမ္မာရုံမှာ တယောက်ပြီး တယောက် ခေါ်ထုတ်လာပြီး  ထောင်ဝန်ထမ်းတွေက သစ်သားတုတ်၊ ပတ္တာကြိုးတွေနဲ့ ဝိုင်းရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီလိုရိုက်နှက်တဲ့ ဒဏ်ရာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုသန်းတိုးအောင်ဟာ ခေါင်းမှာ သွေးခဲတဲ့ဒဏ်ရာနဲ့ သတိမေ့မြောသွားခဲ့ပြီး ထောင်ဆေးရုံမှာ တင်ထားလိုက်ရတာ ဖြစ်ပါတယ်။ 

နောက်နှစ်ရက်အကြာမှာ ပြန်လည်သတိရလာတာကြောင့်၊ တိုက်ထဲပြန်ခေါ်ထားပြီး ပုံစံမောင်းတာနဲ့ ရိုက်နှက်ခြင်းတွေ ထပ်လုပ်ခဲ့ရာမှာ ထပ်မံသတိမေ့မြောသွားတာကို  တမင်ဟန်ဆောင်နေတယ်ဆိုပြီး ထောင်ဆေးရုံမှာ ပြစ်ထားခဲ့တာလို့ ဩဂုတ် ၁ ရက်နေ့က သာယာဝတီထောင်ကနေ ပြန်လွတ်လာတဲ့  နိုင်ငံရေးအကျဉ်းသားက ပြောပါတယ်။

အကျဉ်းထောင်တွင်း တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို သာယာ၀တီခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီက ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024