မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒဏ်ရာကြောင့် ၃-၄ လ အနားယူရနိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုသွားပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ဘန်လေနဲ့ ပရီးမီးယားလိဂ် အဖွဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပေမဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပွဲချိန် ၂၃ မိနစ်မှာပဲ လူစားလဲခဲ့ရတာပါ။
ဒီဘရိုင်းနားရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသမလား၊ မကုသဘူးလားဆိုတာ ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်မှာဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ၃-၄ လခန့် အနားယူရမှာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
“ကီဗင် ဒဏ်ရာရနေတာက ကြီးမားတဲ့ဆုံးရှုံးမှုပါ။ သူက ထူးရှယ်အရည်အသွေးရှိတဲ့ ကစားသမားဖြစ်တယ်။ တပွဲ၊ နှစ်ပွဲလောက် လက်လွှတ်ရတာက သိပ်ကိစ္စမရှိပေမဲ့ ကာလကြာရှည် လက်လွှတ်ရမှာက အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်သွားရပါမယ်။”
ဒီဘရိုင်းနားနေရာအတွက် ကွဲပြားခြားနားတဲ့ အရည်အသွေးရှိ ကစားသမားတဦးနဲ့ အစားထိုးရမှာက နောက်ထပ်အခွင့်အရေးဖြစ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။