အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ကမ်းလွန်ပင်လယ်ပြင်မှာ ရာသီဥတုဆိုးရွားလို့ ဩစတြေးလျ ရေလွှာလျှောစီးသမားတွေ လိုက်ပါသွားတဲ့ လှေတစီး ပျောက်ဆုံးသွားခဲ့ပြီးနောက် ဩစတြေးလျ ရေလွှာလျှောစီးသူ ၄ ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ရကာ အင်ဒိုနီးရှား သင်္ဘောသား ၃ ဦးထဲက ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက သြဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
တနင်္လာနေ့က အာချေးပြည်နယ် ကမ်းရိုးတန်းမှာ ရာသီဥတုဆိုးရွားပြီး ပျောက်ဆုံးနေတဲ့အဖွဲ့ကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။
သြစတြေးလျ ရေလွှာလျှောစီးသမားတွေထဲက တယောက်ရဲ့ ဖခင်ဖြစ်သူ ပီတာဖိုတီဟာ သူ့သားဆီကနေ အသက်ရှင်ပြီး ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်း မက်ဆေ့ချ်စာသား ဖတ်ရှုခဲ့ရပြီးနောက် သူ့သားနဲ့ သူငယ်ချင်းတွေကို သူတို့အားလပ်ရက်ရဲ့ လက်ကျန်အချိန်တွေကို အပြီးသတ်စေချင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဩစတြေးလျ ရေလွှာလျှောစီးသမားတွေနဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေ ပါဝင်တဲ့ ၇ ယောက်အုပ်စုဟာ သြဂုတ် ၁၃ ရက်က ဆူမားတြားပြည်နယ်ရဲ့ နီယပ်စ်ကျွန်းကနေ အာချေးပြည်နယ်ရဲ့ ဘန်ညက်ခ်ကျွန်းကို ပေ ၃၀ ရှည်တဲ့ သစ်သားသင်္ဘောပေါ်မှာ လိုက်ပါလာခဲ့ပြီး ရာသီဥတုဆိုးရွားနေချိန် ညနေ ၆ နာရီလောက်မှာ ဒုတိယသင်္ဘောကနေ ခွဲထွက်သွားခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသားကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှား အမျိုးသားကယ်ဆယ်ရေး အေဂျင်စီဟာ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို အသက်ရှင်ကျန်ရစ်သူတွေ ရှိတဲ့နေရာကို စေလွှတ်ခဲ့ပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားကျွန်းစုမှာ လှေတွေနဲ့ မတော်တဆမှုတွေ ဖြစ်လေ့ရှိပြီး ဘေးကင်းရေးစံနှုန်းတွေ လျော့ရဲတာကြောင့် သင်္ဘောတွေမှာ လုံလောက်တဲ့ အသက်ကယ်ကိရိယာတွေ မပါတဲ့အပြင် မကြာခဏ ဝန်ပိုတင်ဆောင်မှုကိုလည်း ခွင့်ပြုပေးထားပါတယ်။
Source - Reuters