အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် မောက်အီတောမီးကြောင့် သြဂုတ် ၁၄ ရက် အစောပိုင်းအထိ သေဆုံးသူအရေအတွက်ဟာ ၉၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ်ဂရင်းန်က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။
သံသတ္တုတွေ အရည်ပျော်ကုန်တဲ့အထိ အလွန်ကို အရှိန်ပြင်းပြင်း လောင်ကျွမ်းတဲ့ တောမီးကြောင့် သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ ဖော်ထုတ်ရတာဟာ လက်လှမ်း မမီနိုင်လောက်အောင် ခက်ခဲတဲ့အလုပ် ဖြစ်မယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
အင်္ဂါနေ့က သမိုင်းဝင် အပန်းဖြေမြို့ရဲ့ အစိတ်အပိုင်း အများစုကို မီးအရှိန်ပြင်းပြင်း လောင်ကျွမ်းခဲ့ပြီးနောက် တပတ်နီးပါးအကြာမှာ မြို့ခံလူ အများအပြားဟာ အပူရှိန်နဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကြောင့် မီးလောင်တဲ့နေရာကို ပြန်မလာနိုင်သေးကြောင်း သိရပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသတ်မှတ်ရသေးပါဘူး။
တနာရီကို မိုင် ၈၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကနေ မြို့တွင်းကို အတိုင်းအဆမဲ့ မီးကြီး ခပ်မြန်မြန် မလောင်ကျွမ်းသွားခင်မှာ သူတို့ကို သတိပေးခြင်း မပြုခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူ အများအပြားက ပြောကြပါတယ်။
အင်္ဂါနေ့က တောမီးကြောင့် နေထိုင်သူတွေရဲ့ နေအိမ်အများစု ပါဝင်တဲ့ ကျွန်းပေါ်ရှိ အဆောက်အဦပေါင်း ၂,၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လဟိုင်းနား မီးဘေးသင့်ဒေသကို အလုံပိတ်ထားပြီး ရှင်းလင်းနေဆဲ ဖြစ်ပါတယ်။ လက်ရှိ မောက်အီကျွန်းမှာ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်နေပေမဲ့ ခရိုင်အတွင်း လေပြင်းတိုက်ခတ်မှု ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
Source - Reuters