ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျောင်းကားတစီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၈ ရပ်တော်မူဘုရားအနီးမှာ သြဂုတ် ၁၄ ရက် မနက် ၈ နာရီလောက်က တိမ်းမှောက်ခဲ့တာပါ။
ကျောင်းကားပေါ်မှာ တောင်ကြီး အမှတ် ၁၀ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား ၁၆ ဦးနဲ့ ကျောင်းသူ ၁၃ ဦး လိုက်ပါလာပါတယ်။
ကူညီပေးခဲ့တဲ့ ဒေသခံတဦးက “အထက ၁၀ ကို ကျောင်းပို့တဲ့ကားပါ။ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့တာပါ။ ကျောင်းသားအကုန်လုံးကတော့ အနည်းနဲ့အများ ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ကျောင်းသား ၂၀ လောက်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စဝ်စံထွန်းဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟမ်းငိုင်ရွာအနီးမှာလည်း ၂၀၁၇ ခုနှစ်က ကျောင်းကားတိမ်းမှောက်ပြီး ယာဥ်မောင်းတဦးနဲ့ ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ကျောင်းသား ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။