ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းဟာ လူအင်အားသိပ်မကုန်ဘဲ နေအိမ်တွင်းမှာ အလွယ်တကူ မွေးမြူလို့ ရပြီး ဝင်ငွေကောင်းလို့ တနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ ပေါများလာတယ်လို့ မွန်ပြည်နယ်ရှိ ဇီဝဇိုးငှက် မွေးမြူတဲ့သူတွေက ပြောပါတယ်။
ဇီဝဇိုးငှက်ကို စတင်မွေးမြူတဲ့အခါ ငှက်ခေါ်စက်တွေ (အီလက်ထရောနစ်နည်းပညာနဲ့ ပြုလုပ်ထား တဲ့ ဇီဝဇိုးငှက်သံမြည်စေတဲ့ ကိရိယာ) တပ်ကာ ငှက်များကိုခေါ်ပြီး အိမ်အပေါက်ဝမှာ ငှက်နားဖို့ သစ်သားတန်းတွေ ရိုက်ထားပါတယ်။
ငှက်ခေါ်တဲ့စက်အသံက အပြင်သံနဲ့အထဲသံ နှစ်မျိုးရှိပြီး အပြင်သံက အဝေးက ငှက်ကို လာနေအောင် လှမ်းခေါ်တဲ့ အသံဖြစ်ကာ အထဲသံက ဝင်လာနေတဲ့ငှက်တွေ ပြန်မထွက်သွားအောင် ၂၄ နာရီလုံး စက်သံဖွင့်ထားပေးရပါတယ်။
ဇီဝဇိုးငှက်မွေးမြူတဲ့လုပ်ငန်းရှင်က “မော်လမြိုင်မှာ ဇီဝဇိုးငှက် တနိုင်တပိုင်လုပ်တဲ့နေရာ ၁၀၀ ကျော်လောက်ရှိတယ်။ ငှက်သိုက်က နောက်ပိုင်း လူသိများလာတဲ့အပြင် စျေးကွက်က စျေးမကျတော့ တစ်နိုင်တပိုင် လုပ်သူတွေ တနေ့ထက် တနေ့ပိုများလာတယ်”လို့ ပြောထားပါတယ်။
ငှက်သိုက်အကြမ်း(မသန့်စင်ရသေး) ၁ ကျပ်သားကို ကျပ် ၂၇၀၀၀ စျေးနှုန်းရှိပြီး သန့်စင်ပြီးသား ၁ ကျပ်သားကို ကျပ် ၄၅၀၀၀ ထိရရှိပါတယ်။
ငှက်သိုက်သန့်စင်ဖို့ အလုပ်သမားငှားခမှာ တယောက်ကို တလ ၂ သိန်းကျပ်နဲ့ ငှားရကာ မွေးမြူထားတဲ့ ဇီဝဇိုးငှက်ကို အစာရေသီးသန့်ကျွေးစရာ မလိုဘူးလို့ ဇီဝဇိုးငှက်မွေးသူထံ သိရပါတယ်။
မော်လမြိုင်မြို့ခံ တဦးက “ကျနော်တို့ အနားမှာတင် ဇီဝဇိုးငှက် တနိုင်တပိုင် လုပ်ကိုင်သူတွေ ရှိတယ်။ သူတို့က အိမ်အပေါ်ထပ်မှာ ငှက်တွေ မွေးထားပြီး အောက်မှာလူနေကြတယ် ငှက်သံတွေ ညံနေလို့ သတိထားမိတာ”လို့ ဆိုထားပါတယ်။
ဇီဝဇိုးငှက်မွေးမြူတဲ့ တနိုင်တပိုင်လုပ်ငန်းတွေကို မွန်ပြည်နယ် မော်လမြိုင်မှာ အများဆုံးတွေ့ရပြီး မုဒုံ၊ သံဖြူဇရပ်၊ ဘီးလင်းတို့မှာ မွေးမြူတယ်လို့ သိရပါတယ်။
ဇီဝဇိုးငှက်မွေးမြူတဲ့နေရာကို တလတကြိမ်ခန့် သန့်ရှင်းရေးလုပ်ရပြီး တနှစ်မှာ သုံးကြိမ် အများဆုံး ဥ ၂ လုံးခန့် သားပေါက်ပါတယ်။ သားပေါက်ပြီး ၂လ ဝန်းကျင်နေရင် အသိုက်စွန့်ခွာသွားတဲ့အချိန်မှာ ငှက်သိုက်ကို ခွာယူပါတယ်။
ဇီဝဇိုးငှက်အထီးက အသိုက်ဆောက်လုပ်ရာမှာ သူတို့ရဲ့ တံတွေးဂလင်းမှ စစ်ထုတ်လိုက်တဲ့ တံတွေး ရည်များနဲ့ ချေဖျက်ပြီးသား အစာရည်တချို့ကို အံကာ ငှက်အမများအတွက် အိမ်ဖွဲ့ပေးပါတယ်။ တံတွေးတွေဟာ လေနဲ့ထိတွေ့သွားတဲ့အခါ မာကျောသွားပါတယ်။
ဇီဝဇိုးငှက်ကို ယခင်က ပင်လယ်ကျွန်းတွေရဲ့ လှိုဏ်ဂူတွေထဲမှာ နံရံအမြင့်ပိုင်းတွေမှာ ခက်ခက်ခဲခဲ ရှာဖွေရပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ငှက်သိုက်တွေရဖို့ နေအိမ်တွေမှာ တနိုင်တပိုင် မွေးမြူလာခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ငှက်သိုက်ကို နာမကျန်းဖြစ်သူများ၊ အင်အားကုန်ခမ်းသူများနဲ့ သက်ကြီးရွယ်အိုများကို ငှက်သိုက်ပေါင်းကျွေးလေ့ရှိပါတယ်။