မြန်မာ့ရိုးရာပွဲတော်တွေဖြစ်တဲ့ တောင်ပြုံးပွဲတော်နဲ့ အိုးပုတ်ပွဲတော်ကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ ဩဂုတ် ၂၃ ရက်ကစတင်ပြီး ကျင်းပမယ်လို့ မြို့ခံတွေက ပြောပါတယ်။
အိုးပုတ်ပွဲတော်ဟာ ဝါခေါင်လဆန်း ၈ ရက်နေ့မှာ မြန်မာဘုရင် မင်းတုန်းမင်းလက်ထက် ကတည်းက စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ မန္တလေးတောင်ခြေရှိ အောင်မြေသာစံမြို့နယ်ထဲက အိုးဘိုရပ်ကွက်၊ ရွှေကျင်ရပ်ကွက်နဲ့ ပတ္တမြားတော ရပ်ကွက်တွေမှာ သြဂုတ် ၂၃ ရက်ကနေ ၂၄ ရက်အထိ ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အိုးပုတ်ပွဲတော်မှာ ရွံ့မြေနဲ့ပြုလုပ်ထားတဲ့ ဆေးရောင်စုံခြယ် မြန်မာ့ရိုးရာအိုးပုတ်၊ ချိုးရုပ်၊ မီးခွက်တွေအပြင် ကလေးကစားစရာအဖြစ် မြန်မာ့ရိုးရာ ဗန္ဓုလဦးထုပ်၊ ဝါးလှံ၊ ဓားတွေ၊ ဆန်ကောက်ညှင်းတွေနဲ့ ပြုလုပ်ထားတဲ့ မြန်မာမုန့်မျိုးစုံနဲ့ ရိုးရာအစားအစာတွေကို ရောင်းချလေ့ ရှိပါတယ်။
မန္တလေးမြို့ခံတဦးက “အိုးပုတ်ခိုးပွဲလို့လည်း ခေါ်တယ်။ အပေါက်ဆိုးတဲ့ဆိုင်ဆိုရင် ပိုင်ရှင်မသိအောင် ကျီစယ်ပြီး ယူကြတာပဲ၊ ၁ ခု ၂ ခုပေါ့။ စီးပွားပျက်အောင်တော့ မလုပ်ကြပါဘူး။ ဒီပွဲက ကြာပြီ။ ရှေးတုန်းက တောင်ပြုံးပွဲကို ချောင်းအတိုင်းလာကြတော့ ကမ်းနားမှာ လှေခဏရပ်ရင်း အိုးတွေရောင်းရင်းနဲ့ ဖြစ်လာကြတာလို့ ကြားဖူးတယ်။ လှေတချောင်းတော့ ကောသွားပေမဲ့ ဆက်ကျင်းပတာပါ။ တောင်ပြုံးပွဲ စတဲ့နေ့က ဝါခေါင်လဆန်း ၈ ရက်၊ အဲ့နေ့မစခင်နဲ့ စတဲ့အချိန် လုပ်တာပါ၊ ညနေပိုင်းပါပဲ” လို့ ပြောပါတယ်။
ရိုးရာနတ်နှစ်ပါးရဲ့ တောင်ပြုံးပွဲတော်ကို လာရောက်ကြတဲ့ ပွဲလာသူတွေနဲ့ အိုးရောင်းချသူတွေဟာ တောင်ပြုံးရွာကို ရွှေတချောင်းအတိုင်း လှေနဲ့လာခဲ့ရာကနေ တောင်ခြေက အိုးဘိုအရပ်မှာ ခရီးခဏနားကာ ဈေးခင်းရာက ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။
အဆိုပါပွဲဟာ ရှေးယခင်က လူသုံးအိုးနဲ့ ရွံ့မြေထည်ပစ္စည်းတွေကို ရောင်းချခဲ့ပေမဲ့ မြေအိုးတွေ လူသုံးနည်းလာတာကြောင့် အိုးပုတ် ချိုးရုပ် စတဲ့ မြန်မာလက်မှုပစ္စည်းအသေးစားတွေကို ပြောင်းလဲရောင်းချခဲ့တာ ဖြစ်ပါတယ်။
တောင်ပြုံးမင်း နှစ်ပါးပွဲတော်ကို ၂၀၂၀ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရာကနေ ပြန်လည်ကျင်းပတာလို့ သိရပြီး မြန်မာဝါခေါင်လဆန်း ၈ ရက် (ဩဂုတ် ၂၄ ရက်) ကနေ ဝါခေါင်လပြည့်နေ့ (ဩဂုတ် ၃၁ ရက်) အထိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးရွာမှာ ရိုးရာအစဉ်အလာနဲ့အညီ ကျင်းပမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပွဲအစီအစဉ်တွေအနေနဲ့ ကန်တော့ခံပွဲကို ဝါခေါင်လဆန်း ၈ ရက်နဲ့ ၉ ရက်၊ ညညီလာခံပွဲကို ဝါခေါင်လဆန်း ၁၀ ရက်၊ ချိုးရေတော်သုံးပွဲကို ဝါခေါင်လဆန်း ၁၁ ရက်၊ နန်းတက်ပွဲကို ဝါခေါင်လဆန်း ၁၂ ရက်၊ ယုန်ထိုးပွဲကို ဝါခေါင်လဆန်း ၁၃ ရက်၊ ထိန်ခုတ်ပွဲကို ဝါခေါင်လဆန်း ၁၄ ရက်နဲ့ ပခန်းမင်းပို့ပွဲနဲ့ ရွှေဘုံဆင်းပွဲကို ဝါခေါင်လပြည့်နေ့မှာ ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်။
ဓာတ်ပုံ ( Ko Nyi )