စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ် ဘူတာလမ်းခွဲအနီးမှာ နင်းမိုင်းကြောင့် အသက် ၃၉ နှစ်အရွယ် ချင်းတိုင်းရင်းသား ဦးလွန်လမ့်ထန် သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ ဦးလွန်လမ့်ထန်ဟာ Joy လက်ဖက်ရည်ဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေစဉ် မိုင်းနင်းမိပြီး ခြေထောက်ကြေမွသွားကာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်စစ်ဆေး ကြည့်ရှုပြီး မိုင်းနင်းမိ သေဆုံးတဲ့ ဦးလွန်လမ့်ထန်ကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ ကလေးဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိုင်းကွဲပြီး မကြာဘူး၊ စစ်သားတွေ ရောက်လာတာ။ ကွဲပြီး ခေါင်းလေးတော့ လှုပ်နေသေးတယ်၊ အသက်ငင်တာ နေမှာပေါ့။ ခဏကြာတော့ သေသွားတယ်။ သူ့မှာက ကလေးသုံးယောက် ကျန်ခဲ့တယ်ကြားတယ်။”
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က အခင်းဖြစ်ပွားရာ နေရာအနီးတဝိုက်မှာ မိုင်းထောင်ထားတာ လုံးဝမရှိသလို ထိကွဲ၊ နင်းမိုင်း၊ တိုက်မိုင်းတွေကိုလည်း အများပြည်သူ သွားလာနေရာ မြို့တွင်းမှာ ဒီနေ့အချိန်ထိ အသုံးပြုခြင်းမရှိသလို သုံးခွင့်လည်း မရှိဘူးလို့ ပြောပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင် ကိုဆလိုင်းဗန်ထောင်ဘိတ်က “ကျနော်တို့ဘက်က လူအိမ်နားတွေဆို မထောင်ဘူး။ သူတို့တွေ လာနေကျ နေရာတောင် ဘေးက လူနေအိမ်တွေရှိရင် လူလည်း နေနေတယ်ဆိုရင် ပြည်သူတွေ ထိခိုက်မှာစိုးလို့ လွှတ်ထားရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပေါက်ကွဲတဲ့မိုင်းဟာ စစ်ကောင်စီရဲ့ထောင်မိုင်းသာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု ဘက်က ပြောထားပေမဲ့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားခြင်းမရှိသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
မိဘပြည်သူတွေအနေနဲ့ အခုလိုဖြစ်စဉ်တွေ ရှောင်ရှားနိုင်ဖို့ အထုပ်တွေ ဖုံးအုပ်နေတဲ့ နေရာတွေကို သွားလာတဲ့အခါ မသင်္ကာစရာ အနေအထားတွေနဲ့ ပစ္စည်းတွေ တွေ့မြင်ပါက ကောက်ယူကြည့်ရှု ကိုင်တွယ်တာတွေ မလုပ်မိကြဖို့နဲ့ သတိကြီးကြီးထားကြဖို့ တော်လှန်ရေး အင်အားစုဘက်က မှာကြားထားပါတယ်။
ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း ဆည်မြောင်းရုံးအနီးမှာ အောင်မင်္ဂလာရပ်ကွက်က အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ခဲ့ရပါသေးတယ်။
Photo - Rody Zin (မိုင်းနင်းမိပြီး သေဆုံးသွားသည့် အမျိုးသား)