Home
မြန်မာသတင်း
ရေစကြို၊ မြိုင်နှင့် အင်းတော်မြို့နယ်၌  စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
August 14, 2023
SAC CARs InnTaw 14082023
DroneAttack 14082023
366361024_319451730541250_1727844277476676497_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ဥယျာဥ်စုရပ်ကွက်နားမှာ အပြစ်မဲ့ပြည်သူတယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ကို သြဂုတ် ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ခွာနီးတောင်နားက အုတ်ဖိုနားအရောက်မှာ ပဒေသာမိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိမရှိ ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ သြဂုတ် ၉ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာလည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း သြဂုတ် ၁၂ ရက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ အညာဒေသ မဟာဗျူဟာ ကြီးကြပ်ရေးအဖွဲ့ ARSC ကနေ သိရပါတယ်။

မြိုင်မြို့နယ် စက်မှု ၂ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၁၂ ရက် မနက် ၄ နာရီ ၁၅ မိနစ်ကနေ ၅ နာရီအထိ ARSC ရဲ့ စီမံခန့်ခွဲမှုနဲ့ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၁ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ARSC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ည ၉ နာရီ ၄၅ မိနစ်လောက်မှာလည်း စက်မှု ၂ ရဲ့ အချက်အချာကျတဲ့ နေရာတွေကို အီနာဂါဗုံးသီး အကြီး ၁၅ လုံး၊ အသေး ၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အရေအတွက် အတိအကျ မသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း သြဂုတ် ၁၄ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီတပ် မော်တော်ယာဉ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့နယ်မှ အင်းတော်မြို့နယ်အတွင်းကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ် မော်တော်ယာဉ်နှစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့က အင်းတော်မြို့နယ်အဝင် ကျောက်တိုက်ကျေးရွာအနီးမှာ   ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “စစ်ကားတွေက ကသာဘက်ကနေ အင်းတော်ဘက်ကို တက်လာတာ။ အဲ့ဒါကို KIA နဲ့ PDF က အင်းတော်နယ်အဝင်မှာ မိုင်းဆွဲတိုက်ခိုက်တယ်၊ သုံးလုံးလောက်ရှိတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ မနက် ၁ နာရီလောက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ကြတာ။ စစ်ကားတစီးက မောင်းမရအောင် ပျက်သွားလို့ ထားခဲ့ရတယ်။ စစ်တပ်ဘက်ကလည်း သေတာတွေရှိတယ်” လို့ ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့က စစ်ကောင်စီ မော်တော်ယာဉ်နှစ်စီးကို အင်းတော်မြို့နယ်အဝင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မိုင်းသုံးလုံးနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

အင်းတော်မြို့နယ်မှာရှိတဲ့ တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၄၀ ခန့်ပါဝင်တဲ့ လက်နက်ပစ္စည်း သယ်ဆောင်လာတဲ့ ၁၂ ဘီး မော်တော်ယာဉ်နှစ်စီးကို KIA/KPDF အဖွဲ့က မိုင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုတွေရှိပြီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ ၁၂ ဘီးမော်တော်ယာဉ်ကို အင်းတော်မြို့နယ် ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းဆီ ပြန်လည်သယ်ယူသွားခဲ့ကြောင်း Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024