ထိုင်ဝမ်ဟာ အာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေအပေါ် ရင်ဆိုင်ရာမှာ ကြောက်ရွံ့နေမှာ မဟုတ်သလို နောက်ဆုတ်သွားမှာလည်း မဟုတ်ဘူးလို့ ဒုသမ္မတ ဝီလျံလိုင်က သြဂုတ် ၁၃ ရက်မှာ ထောက်ခံသူတွေကို ပြောကြားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ကန့်ကွက်ထားတဲ့ အမေရိကန်ခရီးစဉ်အတွင်း ပေကျင်းနဲ့ ဆွေးနွေးလိုတဲ့ဆန္ဒ ရှိတယ်လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။
လာမယ့် ဇန်နဝါရီလ ရွေးကောက်ပွဲမှာ ဝီလျံလိုင်ဟာ ထိုင်ဝမ်ရဲ့ သမ္မတအသစ်ဖြစ်လာဖို့ တစ်ပြေးနေသူ ဖြစ်ပါတယ်။
ပါရာဂွေးနိုင်ငံမှာ အသစ်တက်လာတဲ့ သမ္မတဖြစ်သူရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လိုင်အနေနဲ့ သွားရောက်ရာမှာ အမေရိကန်နိုင်ငံက တရားဝင် ခရီးတထောက်နားရာ ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားတဲ့ ထိုင်ဝမ်ကျွန်းနဲ့ တရားဝင် ဆက်ဆံရေးထားရှိရာ ၁၃ နိုင်ငံထဲမှာ ပါရာဂွေးလည်း ပါဝင်ပါတယ်။
နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ နေ့လယ်စာစားပွဲအတွင်း လိုင်က “အကယ်၍ ထိုင်ဝမ်မှာ ဘေးကင်းရင် ကမ္ဘာကြီးမှာလည်း ဘေးကင်းပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းနေရင် ကမ္ဘာကြီးမှာလည်း ငြိမ်းချမ်းနေမှာပါ” လို့ ထောက်ခံသူတွေကို မှတ်ချက်ပေးပါတယ်။
လိုင်ရဲ့ မိန့်ခွန်းပြောကြားမှုကို ထိုင်ဝမ်ဆိုင်ရာ အမေရိကန် အင်စတီကျုရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ အင်းဂရစ် လာဆင် ကိုယ်တိုင် တက်ရောက်လာတယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်ဝမ်နဲ့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး ထားရှိဖို့အတွက် အမေရိကန်အစိုးရက အကျိုးအမြတ်မယူတဲ့ အဖွဲ့တခုကို ခန့်အပ်ထားတာပါ။
လိုင်ရဲ့ အပြန်ခရီးလမ်းမှာ ဆန်ဖရန်စ္စကိုမြို့ အပါအဝင် ခရီးတထောက်နားမှုတွေက ပုံမှန်လုပ်ထုံးအတိုင်းသာ ဖြစ်တယ်လို့ ဝါရှင်တန်ရော တိုင်ပေကပါ အကြောင်းပြပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ရှုတ်ချထားသလို လိုင်ကိုလည်း “ပြဿနာရှာတဲ့” ခွဲထွက်သမား ဖြစ်တယ်လို့ သုံးနှုန်းခဲ့ပါတယ်။
Source - Reuters