ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် သြဂုတ် ၁၂ ရက် ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ရှေ့တန်းရဲဘော်တဦးက “ထီးသော်ကူး စာသင်ကျောင်းရယ်၊ ခန်းမရယ်မှာ သူတို့ အသင့်စောင့်နေတယ်။ သူတို့အင်အား ၁၀၀ ဝန်းကျင်ရှိမယ်။ တော်တော်အနီးကပ်ပစ်ကြတယ်။ ကျနော်တို့ ကျောင်းထဲ ဇွတ်ဝင်တော့ သူတို့ ကျောင်းနောက်ကိုဆုတ်တယ်။ ပစ္စည်း(လက်နက်ခဲယမ်း)တွေ တော်တော်ရလိုက်တယ်။ သူတို့ ဗိုလ်တယောက် ကျတယ်ထင်တယ်။ စာအုပ်နဲ့ ပစ္စတိုလည်း ရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲက တနာရီကျော်ကြာမြင့်ပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေထားကာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က တပ်မ ၅၅၊ ခမရ ၁၁၂ ကဖြစ်ပြီး ကျောင်းနောက်ကို ဆုတ်ခွာထွက်ပြေးသွားကာ ဘယ်ဘက်ကို ထွက်ပြေးသွားလဲ မသိရသေးဘူးလို့ ပြောပါတယ်။
ကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်စဥ် အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိနိုင်ပေမဲ့ ကာကွယ်ရေးတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပေမဲ့ အထိနာနေကာ ငွေတောင်ရွာသစ် တိုက်ပွဲမှာလည်း လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ပါသေးတယ်။