ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး တာဝန်ယူထားတဲ့ အမျိုးသားတယောက် သြဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲလောက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေဟာ မနေ့ညနေက ကျေးအင်းထုံးဖိုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို နေအိမ်မှာပဲ သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အိမ်အထိ လာပစ်သွားတာ။ ပြည်ခိုင်ဖြိုးပါတီက လူတွေကို ပြည်သူ့စစ်အထဲမှာပါလို့ လာပစ်တာလို့ သတင်းတွေထွက်နေတယ်။ အခုတော့ စစ်တပ်က စစ်နေတယ်။ ၆ ရက်နေ့ကလည်း ပါတီဥက္ကဋ္ဌတယောက် ပစ်သတ်ခံရသေးတယ်။”
သေဆုံးသူ အသက် ၄၇ ခုနှစ်အရွယ်ရှိ ဦးခင်မောင်ဦးမှာ ကျေးထုံးအင်းဖိုကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်အပြင် ကြံ့ခိုင်ရေးပါတီမှာလည်း ကျေးရွာစည်းရုံးရေးမှူး တာဝန်ကိုပါ ပူးတွဲယူထားသူဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီဝင်တွေကို သတိထားဖို့ ပြောထားတယ်။ စစ်တပ်ရော အုပ်ချုပ်ရေးပိုင်းရော ပြောထားတဲ့ကြားထဲက ဖြစ်တာ။”
လတ်တလောမှာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက မြို့ပေါ်နဲ့ ရပ်ကွက်တချို့မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက် မနက် ၇ နာရီခွဲကလည်း ဇီးကုန်းနဲ့ ကမ္ဘာနီကျေးရွာ တာဘောင်ပေါ်မှာ ဇီးကုန်းကျေးရွာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အလားတူ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကလည်း တောင်ငူမြို့နယ် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်စိုး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသူ ၂,၄၀၀ နီးပါးရှိတယ်လို့ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားပါတယ်။