Home
ဆောင်းပါး
တော်လှန်ရေးလမ်းကြမ်းနှင့် နွေဦးပြည်သူတို့အတွက် လက်လှမ်းမီကျန်းမာရေး
DVB
·
August 14, 2023
Article 3

ဒီခရီးကြမ်းမှာ ပါနေဝင်သူအားလုံးအတွက် ပန်းတိုင်မရောက်ခင် ရက်စက်သူတွေရဲ့  ထိုးချေမွှေနှောက်မှုကြားမှာ ဒဏ်ရာအနာတရတွေ၊ စိတ်ပန်းဝေဒနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ခရီးဆုံးအထိ မကြောက်မရွံ့ လိုက်ပါကြမယ့် မိဘပြည်သူ တော်လှန်ရေးမိတ်ဆွေ အားလုံးကို လေးစားစွာဖြင့် ရင်ဘတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။

ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ (အနုတ်လက္ခဏာဆောင်တဲ့) နိုင်ငံရေးဖြစ်စဥ်အောက်မှာ ရုန်းကန်နေကြရတဲ့ အခြေခံအလွှာအသီးသီးဟာ ဒီလို ရောဂါဘယဘေးမျိုးစုံနဲ့ ပိုမိုရင်ဆိုင်ကြုံတွေ့နိုင်ခြေ အလွန်နီးစပ်တာကိုလည်း ကိုယ်ချင်းစာမိပါတယ်။

ဒီတပတ် မျှဝေပေးချင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ “တော်လှန်ရေးကာလ လက်လှမ်းမီကျန်းမာရေး” ဆောင်းပါးမှာ “မိုးရာသီရောဂါများနဲ့ တိုင်းရင်းဆေး” အပိုင်းထဲက မျှ‌ဝေဖို့ ကျန်နေသေးတဲ့ ရောဂါတွေထဲက ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေနဲ့ လက်လှမ်းတမီ ဆေးဝါးဓာတ်စာများကို အဓိက တင်ပြမျှ‌ဝေသွားပါမယ်။

ဒါ့ကြောင့် ဒီတကြိမ်မှာ ဝမ်းဖောဝမ်းရောင်ရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ရတဲ့အကြောင်းနဲ့ ဒီရောဂါတွေကို လက်လှမ်းတမီဆေးဝါး ဓာတ်စာများနဲ့ ကုသပုံတွေကို တင်ပြပါမယ်။

ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ရခြင်း အကြောင်းရင်းတွေကတော့ ဝမ်း‌ရောဂါဆိုင်ရာ ရောဂါပိုးတွေ ပျံ့နှံ့ကူးစက်ခံရခြင်းကြောင့် အဓိကဖြစ်ပါတယ်။ မိုးရာသီမှာ ရောဂါပိုးကို သယ်ဆောင်တဲ့ အင်းဆက်ပိုးမွှားတွေ ပေါက်ဖွားနိုင်မှု ပိုများတဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ကျရောက်နိုင်ခြေ နီးစပ်မှု ပိုများပါတယ်။

သောက်သုံးရေနဲ့ အစားအသောက် မသန့်ရှင်းတာဟာ ရောဂါပိုး ကူးစက်နိုင်ခြေ အခွင့်အလမ်းရဲ့ အဓိကအချက် ဖြစ်ပါတယ်။

အစားအသောက်ကို ကိုင်တွယ်ယူငင်တဲ့ ပစ္စည်းဖြစ်စေ၊ လက်ဖြစ်စေ မသန့်ရင်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တဲ့ အစာတွေကို ရောနှောစားမိတဲ့အခါမှာလည်း ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တခါတရံမှာ အပူ/အအေး တဖက်လွန် အစားအစာတွေကို အချိန်မခြားဘဲ စားသောက်မိတဲ့ အခါမျိုးမှာလည်း ဝမ်းပြဿနာက ဖြစ်တတ်ပါတယ်။

(တခြားသော ကိုယ်တွင်းရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ တခြားရောဂါများကြောင့် ဆင့်ပွားဖြစ်တဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါမျိုးတွေမှာတော့ မူလရောဂါကို အဓိက ကုသရမှာ ဖြစ်ပါတယ်။)

ဒါကြောင့် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကြိုတင် သတိနဲ့ စားသောက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

မသန့်ရှင်းတဲ့ အစားအစာများ ရှောင်ပါ။ (ယင်နားစာများ၊ ထမင်းသိုး ဟင်းသိုးများ)

အမှည့်လွန်အသီးများနဲ့ လတ်ဆတ်မှုမရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှောင်ပါ။

အစာစားခါနီး စားသောက်တဲ့ပစ္စည်းများနဲ့ လက်ကို သန့်ရှင်းအောင်ဆေးပါ။

အစားအစာများကို ပူပူနွေးနွေးစားပါ။

ရေကို ကျိုချက်ပြီး သောက်ပါ။

ဓာတ်မတည့်တဲ့ အစားအစာများ ရောစပ်မစားပါနဲ့။

အပူလွန်အစာနဲ့ အအေးလွန်အစာများကို တခုနဲ့တခု အချိန်နီးနီးကပ်ကပ် မစားပါနဲ့။

အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထား လိုက်နာဆောင်ရွက်မယ်ဆိုရင် ဝမ်းနှင့်ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဝမ်းနဲ့ပတ်သက်တဲ့ ‌ရောဂါတွေ ဖြစ်ပေါ်လာရင် ကုသနိုင်မယ့် လက်လှမ်းတမီမှာရှိတဲ့ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေနဲ့ လက်တွေ့သုံးစွဲပုံတွေကို မျှ‌‌ဝေ တင်ပြပါမယ်။

ဝမ်းဖော၊ ဝမ်းရောင်ရောဂါအတွက်- ဂျာမဏီရွက်၊ ကြောင်ပန်းရွက် စတဲ့ ရရာတခုခုကို ရေနွေးဖျောပြီး အတို့အမြှုပ် လုပ်စားပေးပါ။ သို့မဟုတ် အရွက်လက်တဆုပ်ကို ရေတလီတာခန့်ထည့်ပြီး နာရီဝက်ခန့် ဆူပွက်အောင်ပြုတ်ပါ။ ဒီပြုတ်ရေကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်စာ တနေ့ကို သုံးလေးကြိမ် သောက်ပေးနိုင်ပါတယ်။ ဖုံးမသိမ်ရွက် ကြိတ်ညှစ်လို့ရတဲ့ အရည် ဟင်းစားဇွန်းတဇွန်းကို ရေနွေးနဲ့ဖြစ်စေ၊ ဖုံးမသိမ်ရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်စာဖြစ်စေ တနေ့ သုံးလေးကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းကိုက်ရောဂါအတွက်- ထားဝယ်မှိုင်းအပွင့်ကို ရေနွေးဖျောပြီး အတို့အမြှုပ် လုပ်စားပေးနိုင်တဲ့အပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီချက်နဲ့ အသုတ် လုပ်စားပေးနိုင်ပါတယ်။ ထားဝယ်မှိုင်းပွင့် ကြိတ်ညှစ်ရည် ဟင်းစားဇွန်းတဇွန်းကို ရေနွေးနဲ့ ဖြစ်စေ၊ ထားဝယ်မှိုင်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်စာကိုဖြစ်စေ တနေ့ သုံးလေးကြိမ် သောက်ပေးနိုင်ပါတယ်။

ဥသျှစ်သီးမှည့်အသား တခါစား ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ သုံးကြိမ် စားပြီး ရေနွေးသောက်ပေးပါ။

ထန်းလျက်ကို ကြက်သွန်ဖြူနိုင်းချင်းနဲ့ ကြော်ပြီး တခါစား ဟင်းစားဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ သုံး ကြိမ် သောက်ပေးပါ။

သလဲသီးခွံသွေးရည် တကြိမ် ဟင်းစားဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ သုံးလေးကြိမ် သောက်ပေးပါ။

ဆီးဖြူသီး၊ နံနံပင်၊ ပျဥ်းတော်သိမ်ရွက်၊ ကျွဲကျောင်းမင်စေး တို့မှ ရရာတခုခုကို ပြုတ်ရည်လုပ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန်တဝက် တနေ့  သုံးကြိမ် သောက်ပေးပါ။

လက်ထုပ်ခေါက်ကို ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်စာခန့် တနေ့ သုံးလေး ကြိမ် သောက်ပေးနိုင်သလို လက်ထုပ်ခေါက်ကို အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီဇွန်း ၁ ဇွန်း တနေ့ သုံးလေး ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းပျက် ဝမ်းလျှောရောဂါအတွက်- ကွမ်းသီးသွေးရည်ဖြစ်စေ မင်းဂွတ်သီးခွံ သွေးရည်ဖြစ်စေ  တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ ၃ ကြိမ် သောက်ပေးပါ။

သရက်ရွက်အရင့်ဖြစ်စေ သခွပ်ပွင့်ဖြစ်စေ လက်တဆုပ်စာလောက်ကို ရေတလီတာနဲ့ နာရီဝက်ခန့် ဆူပွက်အောင်ပြုတ်ပြီး တခါသောက် ရေနွေးကြမ်းတခွက်စာကို သကြား ကော်ဖီ ၁ ဇွန်းထည့်ပြီး တနေ့ သုံးလေးကြိမ် သောက်ပါ။

ရေနွေးထဲ လက်ဖက်စိမ်းခတ်၍ဖြစ်စေ လက်ဖက်ခြောက်ကျကျဖြစ်စေ တခါသောက်   ရေနွေးကြမ်းတခွက်စာ တနေ့ သုံးလေး ကြိမ် သောက်ပါ။ လက်ဖက်ခြောက်ကို အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းခန့် တနေ့  နှစ်ကြိမ် သုံးကြိမ် သောက်ပါ။

ဆနွင်းမှုန့် တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းခန့်ကို သကြား ကော်ဖီဇွန်းဝက်ထည့်ပြီး တနေ့ နှစ်ကြိမ် သုံးကြိမ် သောက်ပါ။

ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် ဖော်ပြထားတဲ့ ဆေးတွေထဲမှ လိုအပ်ပါက လက်လှမ်းမီရာ တမျိုးမျိုးကို ၂-နာရီခြားတကြိမ် အခြေအနေကိုချင့်ချိန်ပြီး တိုက်ကျွေးနိုင်ပါတယ်။

၁၂ နှစ်အောက် ကလေးများ လူကြီးသောက်တဲ့ ပမာဏရဲ့ တဝက်ခန့် တိုက်ကျွေးနိုင်ပါတယ်။

တနှစ်အောက် ကလေးများအတွက် လူကြီးသောက်တဲ့ ပမာဏရဲ့ လေးပုံတပုံခန့်သာ တိုက်ကျွေးပေးပါ။

နို့စို့ကလေးဖြစ်ပါက မိခင်သည်လည်း ဖော်ပြထားတဲ့ ဆေးများမှ အဆင်ပြေရာ ဆေးတမျိုးမျိုးကို တနေ့ နှစ်ကြိမ်ခန့် သောက်ပေးပါ။

သတိထားဖို့က ဝမ်းပျက်ဝမ်းလျှော ဖြစ်နေစဥ်ကာလအတွင်းမှာ အစာမာ၊ အပူအစပ်နဲ့ ဝမ်းနူးစာတွေ ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

စားသောက်နိုင်တဲ့ အစားအစာတွေကတော့ အုန်းစိမ်းရေ၊ ဓာတ်ဆား‌ရေ၊ အိုဗာတင်း၊ ဟောလစ်၊ မိုင်လို၊ နွားနို့ကျဲကျဲ၊ စွပ်ပြုတ်၊ ဆန်ပြုတ်အရည်များကို သောက်ပေးနိုင်ပါတယ်။

ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တာနဲ့ အချိန်မီ ထိန်းချုပ်နိုင်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး နောက်ဆက်တွဲ အန္တရာယ်မဖြစ်အောင် တားဆီးပေးပါတယ်။

လက်လှမ်းတမီဆေးဝါးတွေနဲ့ ကိုယ့်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်နိုင်ပြီး ကျန်းကျန်းမာမာနဲ့ တော်လှန်ရေးခရီးဆုံးအထိ အတူတကွ လက်တွဲပါဝင်ကြပါစို့လို့ ခွန်အားပေးရင်း တော်လှန်ရေးခရီးစဥ်မှာ ကြုံတွေ့နေရတဲ့ ကျန်းမာ‌ရေး ကွက်လပ်အတွက် လက်လှမ်းမီဆေးပညာကို အခွင့်အရေးရှိသမျှ ဆက်လက်မျှ‌‌‌ဝေ ပေးသွားပါဦးမယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

တော်လှန်ရေးဓမ္မဘက်တော်သားများအားလုံး အခက်အခဲဟူသမျှ ကျန်းမာစွာ ကျော်ဖြတ်နိုင်ပြီး ခရီးဆုံးမှာ အားလုံးအတူ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ။

သာဇဏ်  (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024