Home
မြန်မာသတင်း
တနိုင်းတွင် အဓိကလမ်းများ ရေတိုက်စားပြီး ပျက်စီး၊ စက်သုံးဆီစျေးနှုန်း မြင့်တက်
DVB
·
August 14, 2023
367495439_259432080283676_4159612266985716842_n

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က တနိုင်း-ရှင်ဗွေယန်နဲ့ တနိုင်း-မြစ်ကြီးနားကို ဖောက်လုပ်ထားတဲ့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးရဲ့ အဓိကလမ်းပိုင်း အခြေအနေဟာ အခု သြဂုတ်လအတွင်း ပိုမိုဆိုးရွာလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလမ်းပိုင်းနှစ်ခုဟာ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်စားခံရပြီး မကြာခဏဆိုသလို လမ်းပိတ်မှု၊ လမ်းသားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေကာ ကားလမ်းတလျှောက် ညီညာမှုမရှိဘဲ ရေအိုင်တွေ၊ ချိုင့်ခွက်တွေနဲ့ ဗွက်တွေကိုသာ ဖြတ်ကျော် သွားလာနေရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “လမ်းကကြမ်းတာပေါ့၊ ဘာပြောကောင်းမလဲ၊ တနိုင်း-ရှင်ဗွေယန်-နန်းယွန်း လမ်းတွေဆို နေ့တိုင်းလိုလို လမ်းသားပြတ်လို့ ကားသွားမရ၊ ပြန်လှည့်မရနဲ့ လမ်းပြင်ပြီးတဲ့အထိ ယာဥ်တန်းစောင့်ရတာ။ ဒီနှစ်မိုးလည်း များတော့ လမ်းက ခါတိုင်းထက်ပိုပျော့ပြီး ပျက်လွယ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တနိုင်း-ရှဒူးဇွပ် အကြားနဲ့ ဝါရာဇွပ်ရွာ-နှောင်းမီရွာကြားက လမ်းမှာဆိုရင် လမ်းသားမရှိတော့ဘဲ ရွံ့ဗွက်တွေ ထူထပ်စွာ ဖြစ်ပေါ်နေပြီး ယုဇနကုမ္ပဏီလမ်းမှာလည်း သွားလာဖို့အတွက် အခြေအနေ အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

“မနေ့ကပဲ မြစ်ကြီးနားကပြန်လာတာ၊ လမ်းကတော့ ဆိုးချက်ပဲ၊ ဖားကန့်လမ်းလိုဖြစ်နေပြီ၊ လမ်းကိုမမြင်ရဘူး၊ ချိုင့်တွေ မြောင်းတွေနဲ့ ဗွက်ချည်းပဲ။ တော်ရုံကားဆိုရင်တော့ ပျက်ရင် ရပ်ထားခဲ့ရုံပဲ, လမ်းအမြန်ပြင်ဖို့လိုနေပြီ” လို့ ခရီးသွားတဦးက ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း တနိုင်း-ရှင်​ဗွေယန်-နန်းယွန်း လမ်းပိုင်းပေါ်က ရှင်ဗွေယန်-နန်းယွန်း ကားလမ်းမကြီးကို မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပိုင်းကို ကန့်လန့်ဖြတ် တိုက်စားခံခဲ့ရပြီး အလျင်အမြန် ပြင်ဆင်ခဲ့ရပါသေးတယ်။

အခုလို တနိုင်းမြို့ကို စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှု ပိတ်ဆို့ထားချိန်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်နေပြီး ပြည်သူတွေအနေနဲ့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို အခုမိုးရာသီအတွင်း သွားလာမှု လွယ်ကူစေဖို့ ကောင်းမွန်အောင် ပြုပြင်ပေးဖို့ ဆန္ဒရှိနေကြပြီး လိုရာခရီးကို အချိန်မီ သွားလာနိုင်ဖို့ တောင်းဆိုနေကြပါတယ်။

အခုနှစ်အတွင်း လမ်းပန်ဆက်သွယ်ရေးကို အဓိက ကောင်းမွန်အောင် လုပ်ဆောင်ပေးမှာ ဖြစ်တဲ့အကြောင်း ကတိပေးပြောဆိုထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်တွေ့မှာတော့ ဒေသရဲ့ လုံခြုံရေးအခြေအနေကိုတောင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပိတ်ဆို့မှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေပြီး တနိုင်းဒေသတွင်းမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ လကစပြီး စစ်ကောင်စီက စက်သုံး ဒီဇယ်၊ ဓာတ်ဆီ သယ်ယူခွင့်ကို ပိတ်ထားတာဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေ ခက်ခဲလာတယ်လို့ သိရပါတယ်။

တနိုင်းမြို့ပေါ်မှာ လက်ရှိ သြဂုတ်လအတွင်း စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် ဓာတ်ဆီဆိုင်တွေ ပိတ်ထားရပြီး လက်ကျန်ရောင်းချသူတွေဆီကနေ စျေးကြီးပေး ဝယ်ယူနေကြရပါတယ်။

ဇွန်လ တတိယပတ်ကစပြီး တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ကို စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ခဲ့တာကြောင့် ၂ လဝန်းကျင်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်သွားခဲ့ပြီး ကန်တွေနဲ့ သိုလှောင်ထားတဲ့ ဆိုင်တွေက ဆီလက်ကျန်ရောင်းသူတွေက ဓာတ်ဆီတလီတာကို မြန်မာငွေ ၁၀,၀၀၀ ကျပ်နဲ့ ရောင်းချနေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ကျပ်တည်းလာကြတယ်လို့ သိရပါတယ်။

ကုန်စိမ်းနဲ့ သားငါး လှည့်လည်ရောင်းချသူ ယာဥ်မောင်းတဦးက “ဆီသွင်းမရတာတော့ကြာပြီ၊ ပန့်ဆိုင်ကနေတော့ ဝယ်လို့မရဘူး၊ ဘူးနဲ့ပဲဝယ်ရတယ်။ ရေသန့် တလီတာဘူးကို ၁၀,၀၀၀ ပေးရတယ်။ ဘယ်လောက်မှမစီးရဘူး၊ အခုစျေးနဲ့ ဘာအလုပ်မှကို လုပ်မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဓာတ်ဆီတင်သွင်းဖို့ သယ်ယူလာတဲ့ ဆီကားတွေကို တနိုင်းမြို့ အဝင်ဂိတ်မှာ တားဆီးအရေးယူထားပြီး လုပ်ငန်းသုံး၊ အိမ်သုံးအတွက် ဂါလံပုံးနဲ့ သယ်ယူသူတွေကိုလည်း မကြာခဏ စိစစ်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနိုင်း-မြစ်ကြီးနား ပြေးဆွဲနေတဲ့ ယာဥ်မောင်းတဦးက “အဓိကတော့ စစ်ဆင်ရေးနယ်မြေ ဖြစ်နေလို့ သယ်ယူပို့ဆောင်ရေးကို ဖြတ်တောက်ချင်တာပေါ့။ အဝေးပြေးကားသမားတွေ ကားသုံးဖို့ ဆီဆောင်တာလည်း သိမ်းတယ်။ ဒါကြောင့် တနိုင်းကိုပြန်တာနဲ့ ဆီအပြည့် ဖြည့်ခဲ့ရတယ်” လို့ ပြောပါတယ်။

အခုလို တရားဝင် တင်သွင်းရောင်းချခွင့်ကို စိစစ်အရေးယူနေတဲ့အတွက် တနိုင်းမြို့မှာ စက်သုံးဆီကို စက်လှေ၊ သုံးဘီး စတဲ့ယာဥ်ငယ်တွေနဲ့ မှောင်ခိုတင်သွင်းနေကြပြီး တဂါလန်ကို ၄၀,၀၀၀ ကျပ် ပေါက်စျေးရှိနေတာကြောင့် ဆီစျေး ပိုမိုတက်နေတာဖြစ်ကြောင်း သိရပါတယ်။

“မှောင်ခိုကိုကျတော့ မထိန်းဘူး၊ တရားဝင်ရောင်းတာကိုကျတော့ ဖမ်းတယ်။ အရေးယူတာက မျှတမှုမရှိဘူး။ ဆီကားတွေ အမြန်ပြန်တင်သွင်းဖို့ လိုအပ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်လအတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး တနိုင်းမြို့နဲ့ ဖားကန့်မြို့မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ခံထားရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်ပြီး အခြေခံကုန်စျေးနှုန်း တတ်လာပါတယ်။

လက်ရှိမှာ အလွန်ကျပ်တည်းလာတာကြောင့် စက်သုံးဆီနဲ့ ဆန်ကားတွေ တနိုင်းမြို့ကို ပြန်လည်တင်သွင်းဖို့ ပြည်သူတွေအနေနဲ့ အလိုရှိနေပြီး တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024