Home
မြန်မာသတင်း
အာဆီယံပါလီမန်များညီလာခံ (AIPA) ကိုယ်စားလှယ်အဖွဲ့  မြန်မာပြည်သွားမည် 
DVB
·
August 14, 2023
366931014_217563787921683_6754534948116056997_n

အာဆီယံပါလီမန်များညီလာခံ (AIPA) အဖွဲ့ရဲ့ နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ ကော်မတီအဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဥ်နေတယ်လို့ အင်ဒိုနီးရှား အောက်လွတ်တော်ဥက္ကဋ္ဌ ဖာဒီဇွန်ရဲ့ သြဂုတ် ၁၁ ရက် ပြောကြားချက်ကို ကိုးကားပြီး  Tempo  အင်ဒိုနီးရှားသတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (AIPA) မှာ အာဆီယံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေး အပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို စောင့်ကြည့်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ပါ နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ ကော်မတီက သဘောတူညီခဲ့ပါတယ်။

အင်ဒိုနီးရှား အောက်လွှတ်တော်ဥက္ကဋ္ဌ ဖာဒီဇွန်က “လွှတ်တော်တွေက အထူးသံတမန်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုဖို့ သွားရောက်ဖို့ ရှိနေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို အထူးသံတမန်တွေလွှတ်ဖို့ အစီအစဥ်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေ အခြေအနေကို စောင့်ကြည့်ဖို့ ပါလီမန်များသမဂ္ဂ (IPU) က ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်တာနဲ့ ဆင်တူတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

အာဆီယံပါလီမန်များညီလာခံ (AIPA) က မြန်မာနိုင်ငံကို အထူးသံတမန်တွေ စေလွှတ်ဖို့ကိစ္စမှာ ဆွေးနွေးနေဆဲဖြစ်ပြီး တရားဝင်ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။

မစ္စတာဖာဒီဇွန်ကတော့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် ဆွေးနွေးပွဲတခု ပေါ်ပေါက်လာနိုင်တဲ့အတွက် AIPA မှာ သဘောတူညီမှုရဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆီယံပါလီမန်များညီလာခံ (AIPA) အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို မြန်မာပြည်ကို လာရောက်ခွင့်ပြုမယ် မပြုဘူးဆိုတာလည်း မသိရသေးပါဘူး။ 

၄၄ ကြိမ်မြောက် အာဆီယံပါလီမန် (AIPA) ရဲ့ အထွေထွေညီလာခံကို သြဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပါတယ်။

Source - Temp.co

Photo. AIPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024