မြဝတီ-ကော့ကရိတ်လမ်းဟောင်းဖြစ်တဲ့ နဘူး-ထို့ကော်ကိုး-ညီနောင် လမ်းပိုင်းကို ယခင် ကော့ကရိတ်-မြဝတီ အာရှလမ်းမဖွင့်ခင်တုန်းက အသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းအတိုင်း မော်တော်ယာဉ်တွေကို အဆင်းတရက် အတက်တရက် ပြန်သတ်မှတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်မှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်း တောနော် ရေတံခွန်နားမှာ မြေပြိုကျပြီး လမ်းပဲ့ကျသွားလို့ ကုန်စည်စီးဆင်းမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားခဲ့တာပါ။
ဒါကြောင့် အရင်လမ်းဟောင်းဖြစ်တဲ့ နဘူး-ထို့ကော်ကိုး-ညီနောင် လမ်းပိုင်းမှာ ဩဂုတ် ၁၄ ရက်က စတင်ပြီး မော်တော်ယာဉ်အဆင်းနေ့အဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်တာဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းဟောင်းကကျဉ်းတဲ့အတွက် ယာဉ်ကြောမပိတ်ဆို့ရလေအောင် အတက်ကားနဲ့ အဆင်းကား တစီးနဲ့ တစီးစောင့်ပြီးမှာ မောင်းနှင်ကြဖို့ သတ်မှတ်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။
မြဝတီမြို့ခံတဦးက “လမ်းကကျဉ်းတယ်လေ၊ တနေ့တည်း အဆင်းရော အတက်ပါ သွားတာဘယ်လိုမှ အဆင်မပြေဘူး။ အာရှလမ်း မရှိခင်ကလည်း အဆင်းတနေ့ အတတ်တနေ့ပဲလေ။ အခုလည်း အဲ့လိုပုံစံပဲပြန်သုံးရတဲ့ သဘောပေါ့” လို့ ပြောပါတယ်။
ကော့ကရိတ်-မြဝတီအာရှလမ်းကို ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်မှ ဖွင့်လှစ်အသုံးပြုခဲ့ကြတာဖြစ်ပြီး ယခင်ကာလတွေတည်းက နဘူး-ထို့ကော်ကိုး-ညီနောင်လမ်းကိုသာ အသုံးပြုကြတာဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၆ ရက်နေ့ကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ တောင်ပြိုတာနဲ့ လမ်းပျက်စီးတာတွေ ဖြစ်ခဲ့လို့ အာရှလမ်းကို အသုံးပြုမရတော့တာ ဖြစ်ပါတယ်။