အမေရိကန်နိုင်ငံမှာ ခရီးတထောက်နားမယ့် ထိုင်ဝမ်ဒုသမ္မတဖြစ်သူ ဝီလျံလိုင်ဟာ သြဂုတ် ၁၂ ရက်မှာ နယူးယောက်မြို့ကို ရောက်ရှိလာပါတယ်။
ထိုင်ဝမ်ဒုသမ္မတ ဝီလျံလိုင်ရဲ့ ပါရာဂွေးနိုင်ငံဆီ ခရီးစဉ်ဟာ ပါရာဂွေးနဲ့ ဆက်ဆံရေး နက်ရှိုင်းအောင် လုပ်ဖို့သာမကဘဲ စိတ်တူတဲ့ မိတ်ဘက်တွေဆီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့နဲ့ တခြားနိုင်ငံတွေနဲ့ ဖလှယ်ရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လည်း ပါတယ်လို့ ဝီလျံလိုင်က မီဒီယာတွေကို ဩဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
တရုတ်က ရှုတ်ချခဲ့တဲ့ အမေရိကန်ပြည်ထောင်စုဆီ အကဲဆတ်တဲ့ ခရီးစဉ်အတွက် ဝီလျံလိုင်က မထွက်ခွာခင် မီဒီယာတွေကို ပြောလိုက်တာပါ။
ဒီခရီးစဉ်အပေါ် ကန့်ကွက်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာမှာကို အာဏာပိုင်တွေရဲ့ စိုးရိမ်မှုကလည်း ရှိနေပါတယ်။
အမေရိကန်နိုင်ငံရဲ့ တရားဝင်မဟုတ်တဲ့ ထိုင်ဝမ်ဆိုင်ရာ ကိုယ်စားလှယ်တွေထဲက တဦးဖြစ်သူ အင်းဂရစ်လာဆင်က ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ လိုင်ကို လာရောက်ကြိုဆိုခဲ့ပါတယ်။
ထိုင်ဝမ်ဒုသမ္မတ လိုင်ဟာ သူနေထိုင်မယ့် ဟိုတယ်ရဲ့ အပြင်ဘက်ကို ရောက်ရှိလာချိန်မှာတော့ ထောက်ခံသူအများအပြားက လှိုက်လှဲစွာနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။
လာမယ့် ဇန်နဝါရီလ ရွေးကောက်ပွဲမှာ ထိုင်ဝမ်သမ္မတ ဖြစ်လာဖို့အတွက် ဝီလျံလိုင်က တစ်ပြေးနေသူလည်း ဖြစ်ပါတယ်။
ပါရာဂွေးနိုင်ငံရဲ့ သမ္မတကျမ်းကျိန်ပွဲကို နောက်တပတ်ထဲမှာ တက်ရောက်ဖို့အတွက် ဝီလျံလိုင်ရဲ့ အသွားရော၊ အပြန်မှာပါ အမေရိကန်နိုင်ငံက တရားဝင် ခရီးတထောက်နားရာ ဖြစ်လာခဲ့ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဒါဟာ တရုတ်နိုင်ငံအပေါ် “ရန်စလိုတဲ့လုပ်ရပ်” မဟုတ်ဘဲ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းသာ ဖြစ်တယ်လို့ ဝါရှင်တန်ရော တိုင်ပေကပါ မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့လည်း ထိုင်ဝမ်အပေါ် အမေရိကန်က ထောက်ခံကြောင်း ပြသလိုတဲ့ နောက်ထပ် အချက်ပြမှုအဖြစ် တရုတ်ဘက်က ရှုမြင်ထားတာကြောင့် အခုလို ဒေါသတကြီး တုံ့ပြန်နေတာ ဖြစ်ပါတယ်။
Source - Reuters