ထိုင်း - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတချို့ ပျက်စီးသွားတာကြောင့် သယ်ူပို့ဆောင်ရေးတွေ နှောင့်နှေးနေပြီး ထိုင်းဘက်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်နေသလို မြန်မာဘက်က ဝင်တဲ့ ကုန်ပစ္စည်းတွေလည်း ဈေးတက်နေပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်နေတာကြောင့်လည်း ပြည်တွင်းမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ၊ စက်ပစ္စည်း စတဲ့ ကဏ္ဍပေါင်းစုံမှာ ဈေးတွေ ၂၅ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ လက်လီလက္ကား လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ကုန်စည်အားလုံးမှာ အခြေခံစားကုန်က စပြီး တကယ့် ပရီမီယံ အသုံးအဆောင် ပစ္စည်းတွေ အလှကုန်တွေ၊ အသုံးအဆောင်၊ အိမ်ဆောက်ပစ္စည်း စသည်အားဖြင့် ကဏ္ဍအားလုံး ကုန်ပစ္စည်းတွေ ဈေးတက်သွားတယ်။ နံပါတ် ၁ တက်ရတဲ့ အကြောင်းအရင်းက ထိုင်းရဲ့ ဘတ်ငွေဈေး မြင့်တက်လာပြီး ကျပ်ငွေ ကျဆင်းတာရယ်၊ နောက်တခုက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားတာ။ အဲနှစ်ချက် ပေါင်းပြီး ဈေးက ပိုပြီး မြင့်တက်စေခဲ့တယ်” လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး မကောင်းတာထက်စာရင် ကျပ်ငွေတန်ဖိုးကျသွားတာကြောင့် အခုလို ကုန်စည်တွေ ဈေးတက်တာဖြစ်ပြီး ရုတ်တရက် ဈေး တက်သွားတာကို စားသုံးသူဘက်က လက်မခံနိုင်တာကိုလည်း ရောင်းချသူဘက်က ကြုံရတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပတ်လမ်းပိုင်း နေရာတချို့ ပြိုကျခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် မြဝတီမြို့တဘက်ကမ်း နယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ ဆန် ၁ အိတ်ကို အရင် ထိုင်းဘတ် ၁,၄၀၀ ကနေ အခု ၁,၆၀၀ ဘတ်အထိ မြင့်တက်နေပါတယ်။
ပြည်တွင်းမှာလည်း စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ထွက်ပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးလျော့ကျပြီး ထိုင်းဘတ် ၁ ဘတ်ကို မြန်မာကျပ်ငွေ ၁၀၀၀ လောက်အထိ ဖြစ်သွားတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ အားလုံးနီးပါး ဈေးတက်ကုန်တယ်လို့ ပြည်တွင်းမှာ အလတ်စား လုပ်ငန်း လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
"ဘတ်ဈေးတွေတက်တော့ ဘတ်ဈေးနဲ့ မြှောက်ပြီး ဝယ်ကြတာတော့ တက်တာပေါ့။ ကျန်တဲ့သူကလည်း ကျန်တာပေါ့။ အဲ့လိုပဲ စီးတီးမတ် တချို့ဟာတွေတော့ မတက်သေးဘူး။ တချို့ဟာတွေတော့ တက်သွားပြီ။ အရောင်းအဝယ်တော့ လုပ်တာပေါ့။ မလုပ်လို့ ဘယ်လိုလုပ်စားရမလဲ။ ဒီလိုပဲ တက်ရင် တက်တဲ့ဈေးနဲ့ ရောင်းရတာပေါ့။ လူတွေက သိပ်တော့ မဝယ်နိုင်ဘူး။ ဝယ်နိုင်တဲ့သူက ဝယ်ပေါ့။ အဲ့လိုပုံစံမျိုးပေါ့” လို့ ပြောပါတယ်။
ချမ်းသာသူတွေကတော့ ဇိမ်ခံပစ္စည်းတွေလည်း ဝယ်ယူကြပေမဲ့ လူအများစုကတော့ မဖြစ်မနေ လိုအပ်တာတွေပဲ ဝယ်လာကြရတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံကပို့တဲ့ ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်သွန်နီနဲ့ တခြား အခြေခံ စားသောက်ကုန်တွေကို ရောင်းချနေတဲ့ မြန်မာကုန်ပစ္စည်း ရောင်းဝယ်သူ တယောက်ကတော့ မြဝတီ-ကော့ကရိတ် အာရှလမ်း ပျက်စီးပြီးနောက် လမ်းခရီးစရိတ်တွေကြောင့် ဈေးပိုတက်လာတယ်လို့ ပြောပါတယ်။
မြဝတီလမ်းကြောင်း ပျက်စီးသွားတာကြောင့် ကုန်သွယ်ရေးတွေ မနှောင့်နှေးအောင် စစ်ကောင်စီက မြဝတီကုန်သွယ်ရေးဇုန်ရဲ့ လိုင်စင်ခွင့်ပြုချက်ရပြီးသား ကုန်ပစ္စည်းတွေကို မြန်မာ-ထိုင်း ဘယ်နယ်စပ် ဂိတ်ပေါက်ကမဆို သယ်ယူခွင့် ပေးသွားမယ်လို့ သြဂုတ် ၉ ရက်က ထုတ်ပြန်ပါတယ်။
နယ်စပ်ဂိတ်ပေါက် ပြောင်းလဲသယ်ယူခွင့်ပြုပေမယ့် လမ်းခရီးအခက်အခဲတွေကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ ကျနိုင်မယ့်အခြေအနေမရှိဘူးလို့ ထိုင်း-မြန်မာ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
ကော့ကရိတ်-မြဝတီ(အာရှ) လမ်းမကြီးဟာ မဟာမဲခေါင်ကုန်သွယ်ရေး လမ်းမကြီး ဖြစ်သလို မြန်မာ-ထိုင်း ကုန်သွယ်မှုမှာ အဓိကအရေးပါတဲ့လမ်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်ပါတယ်။