Home
မြန်မာသတင်း
လျှော်ဖြူစေးကို ပြည်ပသို့မပို့နိုင်သလို ပြည်တွင်းတွင် စျေးကောင်းမရဖြစ်နေ
DVB
·
August 13, 2023
181525-US-dollars-730x365

လျှော်ဖြူအစေးကို လက်ရှိမှာ ပြည်ပကို မတင်ပို့နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း စျေးကောင်းမရတာကြောင့် အရှုံးပေါ်နေတယ်လို့ လျှော်ဖြူစိုက်တောင်သူတွေ ဆီက သိရပါတယ်။

ဒီနှစ်မှာ လျှော်ဖြူအစေး တပိသာကို ကျပ် ၉,၀၀၀ ကနေ ၁၀,၀၀၀ ကြားပဲရရှိပြီး အရင် ကိုဗစ်မတိုင်မီကတော့ တပိသာကို ကျပ် ၄၅,၀၀၀ ထိ စျေးကောင်းရရှိခဲ့ပါတယ်။

လျှော်ဖြူကို ပုံမှန်ပြုစုစောင့်ရှောက်ဖို့ အလုပ်သမားတယောက်အတွက် တရက်ကို ၁ သောင်းခွဲနှုန်းနဲ့ တလ ၄ သိန်းခွဲပေးရပြီး အစေးကောက်သူကိုတော့ ဒေသအလိုက် တမနက်ကို ၄,၀၀၀ ပေးရတယ်လို့ သိရပါတယ်။

လျှော်ဖြူစိုက်တောင်သူတယောက်က “ခုတ်လိုက်ရင်လည်း နောင်စျေးတက်လာရင် ခုတ်မိလို့ နောင်တရ ရဦးမယ်။ ပွဲရုံတွေနဲ့ လိုက်စကားပြောကြည့်တဲ့အခါ စျေးအဆင်မပြေပါဘူး။ ၁ သောင်းအထက်မှ မရရင် တောင်သူတွေ ဘယ်ခံနိုင်မလဲ။ နှမ်းတို့ ပဲတို့စျေးတက်ချိန်မှာ မတက်တဲ့ပစ္စည်းဆိုလို့ လျှော်ဖြူပဲရှိတယ်” လို့ ပြောပါတယ်။

ဆေးကုလားမလို့ ခေါ်တဲ့လျှော်ဖြူစေးကို တိုင်းရင်း​​ဆေးနဲ့ အစားအသောက်တွေမှာ သုံးစွဲသလို  တရုတ်နိုင်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အဓိကဝယ်ယူပြီး အိန္ဒိယနဲ့ မလေးရှားနိုင်ငံတို့ကတော့ အလှကုန်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုဖို့ ဝယ်ယူပါတယ်။

လျှော်ဖြူကုန်သည်တယောက်ကလည်း တရုတ်ကုန်သည်တွေ ပြည်တွင်းကို လာရောက်ဝယ်ယူတဲ့အခါ စျေးကွက်ချုပ်ကိုင်ထားတဲ့သူတွေရှိတာကြောင့် စျေးကွက်ထဲ အရှုံးပေါ်နေတာ ၄ နှစ်နီးပါးရှိနေပြီလို့ ဆိုပါတယ်။

လျှော်ဖြူပင် ၄ နှစ်သားလောက်ဆိုရင် စတင်အစေးထုတ်ပြီး တပင်ကနေ တရာသီမှာ အစေး တပိဿာကျော်ထွက်ပါတယ်။

တော်သလင်း၊ သီတင်းကျွတ်လတို့မှာ စတင် အစေးထွက်ပြီး တဧကကို အပင် ၁၆၀ စိုက်ပါတယ်။

လျှော်ဖြူပင်ကထုတ်ယူရရှိတဲ့ လျှော်ဖြူစေးဟာ ရေကိုအဆများစွာစုပ်ယူပြီး ပွနိုင်သလို ရေနဲ့ရောသွားရင် ပျော့ပျောင်းနူးညံ့ပြီး ပုံမျိုးစုံပြောင်းလဲနိုင်တာ၊ ကော်ကပ်နိုင်စွမ်းရှိတာနဲ့ အက်စစ်ပျော့တွေနဲ့ အဏုဇီဝပိုးတွေရဲ့ ခြေဖျက်တိုက်စားတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတာ စတဲ့ထူးခြားချက်တွေရှိပါတယ်။

လျှော်ဖြူဟာ မြန်မာနိုင်ငံအနှံ့အပြားတောင်တန်းတွေပေါ်မှာ တခြားသစ်ပင်တွေနဲ့ ရောပေါက်ပြီး မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသတို့မှာ အများဆုံး ပေါက်ရောက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013