ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်းထလိုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၇ ယောက် ထိခိုက်ဒဏ်ရာရပြီး RBC ဘုရားကျောင်းလည်း ပျက်စီးခဲ့ပါတယ်။
ဩဂုတ် ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက ပြင်းထန်သူတွေကို ဆေးရုံမှာဆေးကုသပေးနေပြီး မစိုးရိမ်ရသူတွေကတော့ အနီးအနားရွာမှာပဲ ကုသနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CNDF တပ်မဟာ-၂ တာဝန်ရှိသူတယောက်က “လက်နက်ကြီးက အခုထိလည်း ဆက်တိုက်ပစ်နေတယ်။ ဘုရားကျောင်းကတော့ လုံးဝပျက်စီးသွားတယ်။ တိုက်ပွဲလည်းမရှိပါဘူး” လို့ ပြောပါတယ်။
ဩဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကုန်းကို CNA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ရမ်းထလိုရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်တာဖြစ်တယ် မြို့ခံတွေက ဆိုပါတယ်။