စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အနောက်တောင်ဘက်မှာရှိတဲ့ စက္ကန့်ကျေးရွာက ဒေသခံလူနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းကစတင်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
စက္ကန့်ရွာခံတယောက်က "စက္ကန့်ကတော့ အခု ၃ ကြိမ်မြောက်မီးရှို့ခံရတာ။ အိမ်ခြေကတော့ ဘယ်လောက်မီးရှို့ခံနေရလဲ အတိအကျမသိသေးဘူး။ အရင်က မီးရှို့လို့ ရွာမှာက အိမ်နည်းနည်းပဲကျန်တော့တာ" လို့ ပြောပါတယ်။
ဩဂုတ် ၁၁ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ စက္ကန့်ရွာဘုရားကျောင်း ထိခိုက်ပျက်စီးထားသလို တိုက်ပွဲဖြစ်ပွားရာအနားက အင်ဒိုင်းကုန်း၊ မြို့လှ၊ စက္ကန့်၊ တောင်သာနှင့် မွှန်ထာရပ်ကွက်က ဒေသခံ ၂၀၀၀ ဝန်းကျင်ဟာလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စက္ကန့်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ အိမ် ၇ လုံး၊ ဇန်နဝါရီ ၆ ရက် နေ့မှာ နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။