စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်ထောင်ရွာနားမှာ ဩဂုတ် ၁၁ ရက် မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။
ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကနေ ဩဂုတ် ၁၀ ရက်နေ့မှာ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ မနေ့ ညနေ ၅ နာရီလောက်က မောင်ထောင်ရွာနားမှာ တိုက်ပွဲဖြစ်ပြီး ရွာထဲမှာ တပ်စွဲနေတာကြောင့် ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြ ရပါတယ်။
ဒေသခံတယောက်က “သူတို့ ကူတော်ရွာကထွက်လာကတည်းက ကျနော်တို့ ဒေသခံတွေက အကုန်ရှောင်နေတာ။ စစ်ကြောင်းက ကူတော်ကနေ ကျောင်းရွာကို ဝင်တယ်။ ဝင်ပြီးတော့ ဒေသခံတွေရဲ့ ဆန်၊ ဆီနဲ့ သူတို့ယူချင်တဲ့ ပစ္စည်းတွေ ယူပြီး ကူတော်ရွာရဲစခန်းပြန်ပို့တယ်။ အဲဒီကျောင်းရွာကနေ ဝန်းသိုလ်ရွာမှာ စခန်းချ ညအိပ်တယ်။ ဒီနေ့ညနေခင်းကျတော့ ကျနော်တို့ မောင်ထောင်ရွာ၊ လယ်တီရွာဘက် စစ်ကြောင်းထပ်ထိုးလာရာကနေ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့တိုက်ပွဲမှာ ဘုတလင်မြို့နယ် တော်လှန်ရေးအဖွဲ့စုံ၊ ဒီပဲယင်း တော်လှန်ရေးအဖွဲ့နဲ့ ကနီတော်လှန်ရေးအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
ဘုတလင်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တယောက်က “ေ-ွး လမ်းကြောင်းက သူတို့သွားနေကျလမ်းကပဲ သွားရဲတာဆိုတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက သူတို့လမ်းကြောင်းတွေ ကြိုသိနေတာ။ အဲလိုဆိုတော့ လုပ်စရာရှိတာလုပ်တယ်။ ကျည်ကွယ်၊ မျက်ကွယ်တွေရှိတဲ့နေရာကနေ ကြိုတင် နေရာယူပြီး စောင့်တိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ၄ ယောက် ကျဆုံးတယ်။ ကျနော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကပဲ ဘုတလင်မြို့ကနေ ကူတော်ရွာရဲစခန်းဆီကို အင်အား ၁၀၀ နီးပါးနဲ့ လာရောက်ခဲ့တာဖြစ်ပါတယ်။