မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ -ARSC ဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၂၀ လောက်နဲ့ ပျူစောထီး ၃၀ လောက်ကို မောင်းသူမဲ့လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အီနာဂါဗုံးသီး ၆ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ARSC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုတက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မွန်းလွဲ ၂ နာရီကျော်ကနေ ၃ နာရီလောက်အထိ အဲဒီရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ARSC ရဲ့ လမ်းညွှန်ချက်နဲ့ မြိုင်ပကဖ၊ ဗိုလ်လင်းယုန်အဖွဲ့၊ Cobra၊ ကိုတိုးပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့နဲ့ DMG အဖွဲ့တို့ ပူးပေါင်းတို က်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။