ဖွတ်ဥ ခေါ် ဇောတိကဥတွေကို အလွန်အကြူး ရောင်းဝယ်စားသုံးတာတွေကြောင့် မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်လေ့လာသူတွေက ဖွတ်တွေ မျိုးတုံးပျောက်ကွယ်မှာ စိုးရိမ်နေပါတယ်။
ဖွတ်ဥတွေက စျေးကွက်ထဲမှာ တလုံး ကျပ် ၂,၀၀၀ ကနေ ၃,၀၀၀ ကြား ပေါက်စျေးရှိပြီး အရသာရှိလို့ စားသုံးသူများပြားနေတာကို စားသုံးသူတွေက ဆိုရှယ်မီဒီယာတွေမှာ ပြန်လည်မျှဝေတာတွေ ရှိပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်လေ့လာသူတဦးက “ဖွတ်တွေကိုက အကောင်တွေကိုလည်း သတ်၊ ဥတွေကိုလည်း ယူတော့ မျိုးဆက်ပြန့်ပွားဖို့ တအား နည်းလာမယ်။ အကုန်စားနေ ရောင်းနေတော့ တားဖို့ခက်ပေမဲ့ ဥတူးရင် အကုန်မတူးဘဲ နောက်မျိုးဆက်အတွက် နည်းနည်းချန်ပေးတာ ပိုကောင်းပါတယ်။ အိမ်မွေးဖြစ်တဲ့ ကြက်ဥတို့ ဘာတို့ စားနိုင်ရင် ပိုကောင်းတယ်” လို့ ပြောပါတယ်။
ဖွတ်တွေက အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကဆုန်-နယုန်မှာ စတင်မိတ်လိုက်ပြီး ဝါဆို-ဝါခေါင်လမှာ သစ်ခေါင်းတွေနဲ့ ကလိုင်ပေါက်တွေထဲ စတင်ဥဥပါတယ်။
တခါဥရင် ၁၅ လုံးကနေ အလုံး ၃၀ လောက်ထိ ဥပါတတ်ပြီး ၂ ပတ်လောက်မှာ သွေးကြောလေးတွေ စပေါ်လာကာ ဥကနေ အကောင်ပြောင်းလာပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့မှာ ဖွတ်ဥသည်းခြေကို ကာမအားတိုးဆေးအနေနဲ့ ဆေးဖော်ပြီး လွဲမှားတဲ့ အယူအဆတွေနဲ့ ဖွတ်တွေလည်း ဖမ်းဆီးသတ်ဖြတ်ခံနေရပါတယ်။