ပဲခူးတိုင်း၊ ရွှေကျင်မြို့က ရွှေကျင်မောင်မယ် အရေးပေါ်လူမှုကူညီရေးအသင်းကား ၂ စီး ပဲခူးမြို့ကို ရေဘေးကယ်ဆယ်ရေး သွားရောက်ချိန်မှာ လက်နက်တွေနဲ့ ပစ်ခတ်ခံရလို့ လူနာတင်ယာဉ် ပျက်စီးခဲ့ပြီး အသင်းသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ဩဂုတ် ၁၁ ရက် မနက် ၉ နာရီခွဲက ရွှေကျင်မြို့ကနေ ပဲခူးမြို့ကို ရေဘေးကယ်ဆယ်ရေးအတွက် လူနာတင်ယာဉ် ၂ စီးနဲ့ သွားရောက်ချိန်မှာ ရွှေကျင်-ညောင်လေးပင်-မဒေါက် ကားလမ်းမကြီး ပုဇွန်မြောင်းကျေးရွာအနီးမှာ ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိဘူး။ အသံအကျယ်ကြီး ကြားပြီး မကြာဘူး ပစ်ခံရတာ။ ကားကို ကျည်တွေမှန်တာ လေးငါးချက်လောက်ရှိတယ်။ ကားကို ကျည်ထိတော့ မောင်းပြေးလာခဲ့ရတယ်။ ကားနောက်ခန်းက အသင်းသား တယောက်တော့ ကျည်ထိမှန်ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ ကျည်က ကားကိုဖောက်ပြီး ရှပ်ထိတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးအတွက် အများလှူဒါန်းထားတဲ့ ခေါက်ဆွဲခြောက်၊ ရေသန့်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းဖို့ ပဲခူးမြို့ကို သွားရောက်တဲ့အချိန်မှာပဲ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
အခုပစ်ခတ်မှုကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ ရွှေကျင်မောင်မယ် အရေးပေါ်ကယ်ဆယ်ရေးယာဉ် ၁ စီး ခေါင်မိုးနဲ့ ကားဘယ်ဘက်ခြမ်းမှန် သေနတ်ကျည်ဆန်တွေ ထိမှန်ခဲ့ပြီး အသင်းသား လူငယ်တဦးလည်း အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။