တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားတွေ ပိုမိုရောက်ရှိလာတာကြောင့် ပိုမိုထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ဖို့ ကိုရီးယားနိုင်ငံ အနှံ့အပြားရှိ နိုင်ငံခြားသား ကူညီစောင့်ရှောက်မှု စင်တာတွေမှာ မြန်မာဝန်ထမ်းတွေ တိုးချဲ့ခန့်ထားပေးသွားမယ်လို့ သြဂုတ် ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ EPS ညီလာခံမှာ ဆိုးလ်ရှိ စစ်ကောင်စီသံအမတ်က ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်တချို့ဟာ လုပ်သားတွေ လုပ်ငန်းခွင်ထိခိုက်မှု အာမခံ လျော်ကြေးထားခဲ့ပေမဲ့ မရရှိတာကြောင့် မြန်မာအလုပ်သမားတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတာကြောင့် ကူညီပေးနိုင်ဖို့ ဝန်ထမ်းတွေ တိုးချဲ့ခန့်သွားမှာ ဖြစ်ပါတယ်။
လုပ်သားတွေ လုပ်ငန်းခွင်ထိခိုက်မှု လျော့နည်းစေဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အသိပညာပေးတာနဲ့ ကြပ်မတ်ဆောင်ရွက်စစ်ဆေးတာကို ပိုမိုအလေးထား ဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီသံအမတ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ မြန်မာသံရုံးက လုပ်ငန်းရှင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အခါအားလျော်စွာ အလုပ်ရှင်တွေနဲ့ တွေ့ဆုံတာနဲ့ လုပ်သားတွေကို Digital Platform တွေကတဆင့် အသိပညာပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ EPS ညီလာခံကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ သြဂုတ် ၉ ရက်က ကျင်းပခဲ့ပြီး တောင်ကိုရီးယား တာဝန်ရှိသူတွေ၊ ကိုရီးယားကို တရားဝင် အလုပ်သမားစေလွှတ်တဲ့ နိုင်ငံ ၁၆ နိုင်ငံက သံအမတ်တွေနဲ့ သံရုံးအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ EPS စနစ်နဲ့ လုပ်သားစေလွှတ်မှု နိုင်ငံတွေနဲ့အတူ ပူပေါင်းဆောင်ရွက်တာ နှစ် ၂၀ ခန့်ရှိပြီ ဖြစ်ပါတယ်။