ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က သြဂုတ် ၁၀ ရက် မနက်ပိုင်းက မြို့ပေါ်မှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး အချက်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က မိုးညှင်း GTI ကျောင်းအနီး လက်နက်ကြီးတွေတပ်ဆင်ကာ လှည့်လည်ပစ်ခတ်နေတဲ့အတွက် မြို့ပေါ်က ပြည်သူတွေ ထိတ်လန့်နေကြပါတယ်။
ဒေသခံ အမျိုးသားတဦးက “မိုးညှင်းမြို့နယ်ထဲ တိုက်ပွဲမရှိပါဘူးဗျာ။ အဲ့ဒါကို GTI ကျောင်းနားမှာ လက်နက်ကြီးတွေ ဆင်ပြီး မနက် ၁၀ နာရီလောက်က ပစ်နေတယ်။ ကျနော် ကြားရသလောက် အချက် ၂၀ လောက်ရှိတယ်။ တိုက်ပွဲမဖြစ်ဘဲ ပစ်နေတော့ မြို့ထဲက ပြည်သူတွေလည်း ကြောက်လန့်ပြီး အထုပ်အပိုး ပြင်နေတဲ့သူတွေတောင် ရှိတယ်” လို့ ပြောပါတယ်။
မိုးညှင်းမြို့တွင်းကနေ မြို့အရှေ့တောင်ဘက်ကို လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကလည်း မိုးညှင်းမြို့နဲ့ လေးမိုင်ခန့်သာဝေးတဲ့ ဘီလူးမြို့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မြို့နယ် စိုက်ပျိုးရေးကြီးကြပ်ရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ခဲ့ပါတယ်။